သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသန္တိသုခ ကျောင်းအရေး အစိုးရ မျှတအောင် ဆောင်ရွက်ပေးမည်


ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းကို ဒီလအစောပိုင်းတုန်းက အာဏာပိုင်တွေ ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ ပါးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် စွဲချက်တင်အရေးယူဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာဆိုရင် သံဃာထုကို ဖိနှိပ်ဖို့ ရည်ရွယ်တဲ့လုပ်ရပ်အဖြစ် မဟာသန္တိသုခကျောင်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ပီနန်ဆရာတော် ဦးပညာဝံသကမိန့်ခဲ့ပေမဲ့ အစိုးရကတော့ မျှမျှတဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုံစမ်းတင်ပြထားပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို ပြီးခဲ့တဲ့သောကြာနေ့က တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ ဒီသံဃာတော်တွေကို မဟာနာယကအဖွဲ့ရဲ့တိုင်ကြားချက်အရ သာသနာရေး ဦးစီးဌာနကနေ သာသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က) အပါအဝင် သံင်္ဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဦးဥတ္တရတို့ကို စွဲထားတဲ့ပုဒ်မတွေဟာ မတရားတဲ့အပြင် ဦးနေဝင်းရဲ့ မဆလ အစိုးရခေတ်ကတည်းက သံဃာတော်တွေကို ဖိနှိပ်ဖို့ ပြဌာန်းခဲ့တဲ့ဥပဒေသာဖြစ်တယ်လို့ ပီနန်ဆရာတော် ဦးပညာဝံသက မိန့်ကြားပါတယ်။

“အရင် စစ်တပ်ခေတ်တုန်းက ဗိုလ်ချုပ်နေဝင်းနဲ့ သူတို့ရဲ့ ဥပဒေပေါ့။ တရားဥပဒေမှာ ဒါမျိုး မရှိပါဘူး။ တရားဥပဒေမှာ မတရားလည်း လုပ်သေးတယ်၊ အာမခံလည်း ပေးရအုံးမယ်ဆို ဘယ်ဟုတ်မလဲ။ အခု မတရားလုပ်တဲ့သူတွေကိုပဲ တရားစွဲပြီးတော့ အဲဒီလူတွေကိုပဲ သူတို့ ကျသင့်တဲ့အပြစ် ကျရမှာပေါ့ သဘောက၊ သူတို့ စစ်တပ်ခေတ်ကလုပ်ထားတဲ့ စစ်ဥပဒေ။ သူတို့ဖာသာသူတို့ အမိန့်ထုတ်ပြီးတော့ ဘုန်းကြီးတွေကို ဖမ်းချင်လို့ လုပ်ထားတဲ့ဥပဒေ။ တကယ့်ကို နိုင်ငံတကာရဲ့ဥပဒေမဟုတ်ဘူး။ သူတို့ law။ ”

မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု သံဃာ့မဟာနာယကနဲ့ အငြင်းပွားနေတာကို ဝိနည်းဥပဒေအရဆက်လက်ဖြေရှင်းမှာဖြစ်သလို တရားဥပဒေအရ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

“တရားရေးအဖွဲ့ဆိုတာ ဘုန်းကြီးတို့ ဖွဲ့ထားတယ်။ အားလုံး ဥပဒေပညာရှင် ၃၀ လောက် ရှိတယ်။ ပြီးတော့ တရားသူကြီးအဟောင်းတွေလည်း ပါတယ်။ အတွေ့အကြုံရှိတဲ့ ရှေ့နေတွေ ပါတယ်။ အခု သူတို့ကလည်း ဘုန်းကြီးတို့ဖွဲ့ထားတာ ဘတ်ဂျက်ပေး ဖွဲ့တာ မဟုတ်ဘူး။ သူတို့ကလည်း အားလုံး ဗမာပြည်မှာ တရားသဖြင့် ဖြစ်ဖို့လိုတယ်ဆိုပြီးတော့ အားလုံးက စေတနာ့ဝန်ထမ်း လိုက်ကြတဲ့ လူတွေပါ။”

မဟာသန္တိသုခကျောင်းတိုက်ကိစ္စကို သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“တရားရုံးမှာ လုပ်ရတဲ့ကိစ္စတွေကတော့ ကျနော်တို့အနေနဲ့ ဝင်ရောက်ပြီးတော့မှ ဘယ်လို စီရင်ပါ။ ဘာ..ညာလို့ ပြောလို့ မရပါဘူး။ သို့သော် သမ္မတကြီးရဲ့ မူလ ရည်ရွယ်ချက်ကိုကတော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ သာသနာရေးဝန်ကြီးဌာနအနေနဲ့ နှစ်ဘက်မှာ အားလုံး ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်အောင် သံဃာမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကိုလည်း တိတိကျကျလိုက်နာ အကောင်အထည် ဖော်နိုင်အောင်၊ သံဃာ့နာယကအဖွဲ့ကလည်း တဖက်က အဖွဲ့အစည်းတွေအပေါ် သည်းခံခွင့်လွှတ်ပြီးတော့မှ ဆောင်ရွက်နိုင်အောင် လုပ်ဖို့ ဆိုပြီးတော့မှ ဦးဆန်းဆင့်ကို တာဝန်ပေးခဲ့တာ။ သို့သော် ဦးဆန်းဆင့်ရဲ့လုပ်ဆောင်ချက်က အဲဒီလို မဖြစ်စေတဲ့အပြင် သူ့ရဲ့လုပ်ဆောင်ချက်က နားလည်မှုတွေ ပိုလွဲအောင်၊ ပဋိပက္ခတွေ ပိုပြီးတော့ များလာအောင်၊ နောက်ဆုံးမှာ အစိုးရအဖွဲ့အစည်းနဲ့ သံဃာ့အဖွဲ့အစည်းတွေ၊ သံဃာ့မဟာနာယကအဖွဲ့တွေကြားထဲမှာ သုံးဦးသုံးဖလှယ် နားလည်မှု လွဲစေနိုင်တဲ့ကိစ္စမျိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ ယူဆနိုင်စရာ အကြောင်းတွေ ရှိလာတဲ့အတွက်ကြောင့်မို့လို့ အရေးယူရတာတွေ ဖြစ်လာတာပါ။ သေချာတာတခုကတော့ ဦးဆန်းဆင့်ကို ကျနော်တို့ အရေးယူရခြင်းသည် တချို့ဂျာနယ်တွေက ပြောသလို ငွေလေးနည်းနည်းကွာတာကြောင့် အရေးယူတာ မဟုတ်ပါဘူး။”

လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို သူတာဝန်ယူဆောင်ရွက်နေတဲ့ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ သာသနာရေး ကိစ္စတွေအပေါ် စုံစမ်းစစ်ဆေးနေပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဦးဆန်းဆင့်ကိစ္စနဲ့ပတ်သက်လို့လည်း သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်ကို စသုံးလုံးဘက်က ဖမ်းဆီးစစ်ဆေးနေပြီ ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဦးရဲထွဋ်က အခုလိုပြောပါတယ်။

“အဲဒါကတော့ မေးနေတဲ့သူတွေကတော့ အများကြီးပဲဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့ ကျနော် လောလောဆယ်မသိဘူး။ အဲဒါတွေကတော့ မှုခင်းအသေးစိတ်ဆိုတော့ ပြည်ထဲရေးကို မေးကြည့်မှပဲ သိမယ်။ ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာတော့ မဟုတ်ပါဘူးဗျာ။ မနက်က ဒီသတင်းကိုတွေ့လို့ ကျနော် မေးကြည့်တဲ့အခါမှာ အဲဒါမျိုးလုပ်တာ မရှိသေးပါဘူး။”

လက်ရှိ သာသနာရေးဝန်ကြီးဌာနရဲ့ အားနည်းချက်တွေနဲ့ပတ်သက်လို့ သံဃာ့ကိစ္စတွေကို မျှမျှတတဆောင်ရွက်နိုင်တဲ့ သာသနာရေးဌာနမျိုး ရှိသင့်တယ်လို့ပီနန်ဆရာတော်က မိန့်ကြားပါတယ်။ လာမယ့် ဇွန်လ (၂၇) ရက်နေ့မှာ သံဃာတော်ငါးပါးဟာ ရုံးချိန်း ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG