သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ သာသနာပြုဆရာတော် ဦးဥတ္တရ လူဝတ်လဲခံရမှု သံဃာများ ထိတ်လန့်အံ့သြ


မဟာသန္တိသုခ ကျောင်းတိုက်။ (ဓာတ်ပုံ မဟာသန္တိသုခနဲ့ နိုင်ငံတော် မဟန ဖဘ)
မဟာသန္တိသုခ ကျောင်းတိုက်။ (ဓာတ်ပုံ မဟာသန္တိသုခနဲ့ နိုင်ငံတော် မဟန ဖဘ)
လန်ဒန်မြို့ သာသနာ့ရံသီ ဝီဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး သာသနာတော်ညစ်နွမ်းစေမှုနဲ့
တရားစွဲထားတဲ့အပေါ်မှာ အင်မတန် ထိတ်လန့် အံသြရတယ်လို့ သာသနာ့ရန်သီ တိုက်အုပ်ဆရာတော် ဦးသိဠိဋ္ဌ က မိန့်ကြားပါတယ်။ ယူကေနိုင်ငံမှာ
မြန်မာတွေသာသမက နိုင်ငံခြားသားတွေကြားမှာပါ ဗုဒ္ဓရဲ့ တရားတော်တွေကို ပြန့်ပွားအောင် ဆောင်ရွက်နေတဲ့ ဘုန်းကြီးတပါးကို ခုလို ပုဒ်မတွေတပ် တရားစွဲတာကိုလည်း မယုံကြည်နိုင်ဖြစ်ရတယ်လို့ မိန့်ပါတယ်။ ဦးဥတ္တရ ပြန်လည် လွတ်မြောက်ရေးအတွက် ယူကေအစိုးရရဲ့ အကူအညီအပြင်
တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက် တင်ပြပေးထားပါတယ်။

သံင်္ဃာ့မဟာနာယကအဖွဲ့ရဲ့ အမိန့်နဲ့ တာမွေမြို့နယ်ထဲက မဟာသန္တိသုခ ဘုန်းကြီးကျောင်းတိုက်ကို ဂျွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ ဝင်ရောက်
ချိတ်ပိတ်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်းထဲမှာ သီတင်းသုံးနေတဲ့ သံင်္ဃာတချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲကမှ ယူကေနိုင်ငံလန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရကျောင်းထိုင်ဆရာတော် ဦးဥတ္တရအပါအဝင် သံင်္ဃာ ၅ ပါးကို လူဝတ်လဲစေပြီး တရားစွဲထားပါတယ်။ ဒီလိုလုပ်လိုက်တဲ့အပေါ် အင်မတန် ထိတ်လန့်
မယုံကြည်နိုင်အောင်ဖြစ်ရတယ်လို့ သာသနာ့ရံသီ ဝိဟာရ တိုက်အုပ်ဆရာတော် ဦသီဠိဋ္ဌက VAO မြန်မာပိုင်းကို မိန့်ပါတယ်။

“လူဝတ်လဲတယ်ဆိုတဲ့အခါကျတော့ ဘုန်းဘုန်းတို့က တအားထိတ်လန့်သွားတာ။ ဘုန်းကြီးတွေအကုန်လုံး ကြားတဲ့ကိုယ်တော်တွေတိုင်း ထိတ်လန့်တာ။ လူဝတ်လဲတယ်ဆိုတဲ့အဓိပ္ပာယ်က ပါရာဇိကကျမှ ဘုန်းကြီးတွေက လူဝတ်ရတာ။ ဘုန်းဘုန်းတို့ ဝိနည်းနဲ့လုပ်တယ်ဆိုလို့ရှိရင် အဲဒီ ဝိနည်းတရားကိုတော့ တအားအံ့သြသွားတာပေါ့နော်။ တကယ်လည်း ထိတ်လန့်သွားတာပေါ့။ တကယ်တော့ ဒီဟာတွေဟာ တိုင်းသူပြည်သားတွေကို ဝိနည်းအမှားတွေကိုပေး၊ ဝိနည်းတွေကို ကိုယ်လိုရာကိုယ်ဆွဲပြော၊ ဘုရားဝိနည်းနဲ့နေတယ်ဆိုလို့ရှိရင် ဒီလိုဖြစ်စရာအကြောင်း ရှိကို မရှိဘူးပေါ့နော်။”

ဆရာတော်ဦးဥတ္တရကို သံသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ သံင်္ဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ စတဲ့ ပုဒ်တွေတပ်ပြီး တရားစွဲထားတာပါ၊ ဦးဥတ္တရဟာ ယူကေမှာ လူနာတွေကို တရားပြနှစ်သိမ့်ပေးတဲ့ ပထမဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတပါးဖြစ်ပြီး လန်ဒန်တော်မြို့တော်က နာမည်ကြီး St. Thomas’ ဆေးရုံမှာ တရားပြ နှစ်သိမ့်ပေးသူ Chaplain အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံတွေမှာတင်မက ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ လှည့်လည် သာသနာပြုနေတဲ့ ဆရာတော်တပါးဖြစ်တာမို့ မြန်မာနိုင်ငံမှာ သာသနာညစ်နွမ်းစေမှုနဲ့ တရားစွဲတဲ့အပေါ် မယုံနိုင်အောင် ဖြစ်ရတယ်လို့ ဦသီဠိဋ္ဌက မိန့်ပါတယ်။

“ဦးဥတ္တရက အားလုံး ကမ္ဘာသားတွေလည်း သိတယ်။ အင်္ဂလန်မှာဆိုလို့ရှိရင် အခု Chaplain ဒါရိုက်တာတွေက spritual ပေါ့နော်- စိတ်နဲ့ပတ်သက်လို့ လူတွေကို ချမ်းသာအောင်လုပ်ပေးနေတယ်။ မွတ်ဆလင်ကခေါ်လည်း သူက လိုက်သွားတယ်။ ခရစ်ယာန်ကခေါ်ရင်လည်း လိုက်သွားတယ်။ ဗုဒ္ဓဘာသာကခေါ်ရင်တော့ ပြောစရာမရှိတော့ဘူး။ ဟိန္ဒူကခေါ်လည်း လိုက်သွားတယ်။ အဲလိုလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ တချို့ဆိုလို့ရှိရင် ဆေးရုံပေါ်မှာ သင်္ကန်းဝတ်နဲ့ မြင်တာနဲ့ ဟာ…sruprise ပဲ။ ဦးဥတ္တရလုပ်ကာစကဆို အဲဒီလို၊ နိုင်ငံတကာမှာ ဂုဏ်ယူလောက်အောင် လုပ်တဲ့ပုဂ္ဂိုလ်ဆိုလို့ ပထမဆုံးတွေ့နေရတာက အင်္ဂလန်မှာ ပထမဦးဆုံး သူ့ကိုတွေ့ရတာ။ နောက်တခါကျတော့ အင်္ဂလိပ်ကလည်း လေးစားတယ်။ အခု မွတ်ဆလင်ကလည်း လေးစားတယ်။ ဟိန္ဒူကလည်း လေးစားတယ်။ အဲဒါတင်မကဘူး၊ ဦးဥတ္တရက ဘုန်းဘုန်းနဲ့အတူတူပဲ။ ၂၀၀၄ ခု၊ ၂၀၀၆ ခုကတည်းက ဂျာမနီမှာ ကျောင်းထောင်တယ်၊ ဒိန်းမတ်မှာကျောင်းထောင်တယ်။ ဖင်လန်မှာ ကျောင်းထောင်တယ်။ အဲဒီလို ပြုနေတဲ့ဆရာတော်ပေါ့။ ပြင်သစ်တို့၊ နယ်သာလန်တို့၊ ဂျာမနီတို့၊ နောက် အမေရိကားတို့၊ ဘုန်းဘုန်းတို့ မစိုးရိမ်ဆရာတော်ကြီး တည်ထောင်ထားတဲ့ ကျောင်းတိုက်ရှိတဲ့ အမေရိကားတို့၊ ဂျပန်တို့၊ ဟောင်ကောင်တို့ … ဦးဥတ္တရက အကုန်လုံးသွားပြီးတော့ သာသနာပြုနေတဲ့ပုဂ္ဂိုလ်၊ တကမ္ဘာလုံး သိနေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်။ အဲဒီကျတော့ သူက သာသနာ ညှိုးနွမ်းအောင် လုပ်သလား၊ မလုပ်သလားဆိုတာ အဲဒီမှာ ထင်ရှားတယ်ပေါ့။ ဘာမှ ပြောစရာကိုမရှိဘူး။ ပြည်ပမှာ အဲဒီလို ပုဂ္ဂိုလ်၊ ပြည်တွင်းမှာကျတော့ ဆရာသမားရဲ့ သြဝါဒကို နာခံလို့၊ ပီနန်ဆရာတော်ကြီးကိုယ်တိုင်က - အေး.မင်းလာနေမှ ဖြစ်မယ်၊ မင်းကတော့ ငါပြောတာကို နားလည်တယ်။ အဲဒီတော့ ငါဖြစ်ချင်တဲ့အတိုင်း မင်းလုပ်ပေးပါကွာ-ဆိုလို့ သူက သွားနေရတာ။ သူဖာသာသူ ကျူးကျော်ပြီးတော့ သွားနေတာလည်း မဟုတ်ဘူး။”

ဦးဥတ္တရရော သူနဲ့အတူ လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ဦးပညာစာရတို့ဟာဆိုရင် ယူကေက မြန်မာမိသားစုတွေ စည်းလုံးမှုရှိဖို့ မြန်လူငယ်တွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအကြောင်း သိရှိသဘောပေါက်အောင် သင်ကြား ပြသပေးတဲ့အကြောင်းကိုလည်း မိခင်တယောက်ဖြစ်သူ မနှင်းနှင်းခိုင်က ပြောပြပါတယ်။

“ဘုန်းဘုန်းဦးဥတ္တရ ဦးဆောင်တဲ့၊ ဘုန်းဘုန်းဦးပညာရော ဒီ နှစ်ပါးလုံးက မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှုတွေ၊ အနုပညာတွေကို မပျက်စီးအောင်ဆိုပြီး ကလေးတွေကို ဗမာစာသင်တာတို့၊ ဗုဒ္ဓဘာသာသင်တန်းတွေပေးတာတို့ ကျမတို့ အပတ်တိုင်းလိုလိုသွားတယ်။ ဒီက ကလေးတွေဟာဆိုရင် ဘုန်းဘုန်း ဦးဥတ္တရတို့၊ ဦးပညာတို့ သင်ပေးလိုက်တဲ့အတွက် ကျမတို့ကလေးတွေဟာ ဗုဒ္ဓဘာသာ ကဗျာတွေ၊ စာတွေ တော်တော်များများကို ရလို့ ရန်ကုန်ပြန်တဲ့အခါ ကျမတို့ အမေတွေက ဒီကလေးတွေကို အရမ်းကို အံ့သြပါတယ်။ ဒီကလေးတွေက ဒီမှာမွေးပြီး ဒီမှာကြီးတာ။ နိုင်ငံခြားသားတွေနဲ့ပဲ အပေါင်းအသင်းလုပ်လာရတာ။ တချို့ဆိုလို့ရှိရင် အဲဒီဘုန်းကြီးကျောင်းကိုရောက်ပြီးမှ ဗမာစကားတတ်သွားတဲ့ ကလေးလေးတွေက ဒုနဲ့ဒေးပါပဲ။”

ယူကေနိုင်ငံသားတယောက်ဖြစ်တဲ့ ဦဥတ္တရလွတ်မြောက်ရေးအတွက် ယူကေအစိုးရက အကူအညီပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံထားပြီး မြန်မာမိသားစုတွေက တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်းနေတယ်လို့ စီစဉ်ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

“ဗမာမိသားစုတွေအနေနဲ့ ဘုန်းဘုန်းက ဒီ ယူကေနိုင်ငံသား တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Foreign Office ကနေတဆင့် မြန်မာပြည်မှာရှိတဲ့ အင်္ဂလန်သံရုံးကနေပြီးတော့ ဘုန်းဘုန်းအတွက် ဘယ်လို အကူအညီတွေ ပေးနိုင်မလဲဆိုတာ အမတို့ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ နောက်တခုက ဒီမှာ ဗမာမိသားစုတွေ၊ ဘုန်းဘုန်းရဲ့ တကာ၊ တကာမတွေ သိပ်ပေါများပြီး အားလုံးလည်း စိတ်နှလုံး မချမ်းမသာ ဖြစ်နေကြတဲ့အတွက်ကြောင့် ညနေတိုင်း ဘုန်းဘုန်းတို့အတွက်ကို ဘုန်းဘုန်းတို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိဖို့ရယ်၊ လွတ်မြောက်ရေးအတွက်ရယ်ပေါ့ ဒီမှာ မိသားစုတွေ ဝတ်ပြု ဆုတောင်းပွဲ ညနေတိုင်းပြုလုပ်ဖို့ ဒီမှာ စီစဉ်ထားပါတယ်။”

မဟာသန္တိသုခ ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကို နိုင်ငံတကာမှာ လှည့်လည်သာသနာပြုနေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ထားခဲ့တာ ဖြစ်ပေမယ့် နိုင်ငံတော် သံင်္ဃာ့မဟာနာယက အဖွဲ့ကို လှူဒါန်းခဲ့ပါတယ်။ ပီနန်ဆရာတော် နိုင်ငံခြားကနေ ပြန်ရောက်လာချိန်မှာ ပီနန်ဆရာတော်နဲ့
သံင်္ဃာ့ မဟာနာယကအဖွဲ့ကြား ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြပါတယ်။

ပိုင်ဆိုင်မှုပြဿနာ ဖြေရှင်းဖို့ စီစဉ်ထားချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတိုက်ထဲကို အချိန်မတော်ကြီး ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG