သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသင်္ကြန်ပွဲ အေးချမ်းစွာပြီးဆုံး


ဒီနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ရေသဘင်ပွဲတော် ကာလအတွင်း အရင်နှစ်တွေကထက်စာရင် မှုခင်းဖြစ်ပွားမှု အတော့်ကို လျော့ပါးတယ်လို့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေး တာဝန်ခံတွေက ပြောပါတယ်။

ရေကစားရင်း ခိုက်ရန်ဖြစ်ပွားတာ၊ မတော်တဆ ထိခိုက်မှုဖြစ်ပွားတာတွေအတွက်လည်း နာရေးကူညီမှုအသင်း ကယ်ဆယ်ရေး ပရဟိတလူငယ်တွေက စေတနာ့ဝန်ထမ်းအဖြစ် လူစည်ကားတဲ့နေရာတွေမှာ ကူညီဆောင်ရွက်ပေးကြတာတွေ ရှိပါတယ်။

သင်္ကြန်မဏ္ဍပ်တွေမှာ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ရေပက်မဏ္ဍပ်တွေ အဓိက နေရာယူထားသလို၊ မဏ္ဍပ်တွေပေါ်က မြန်မာ့ရိုးရာသံချပ်အဖွဲ့တွေ ရဲ့ ဖျော်ဖြေမှုတွေကို ပြည်သူတွေက စိတ်ဝင်တစား အားပေးကြပါတယ်။ မဟာသင်္ကြန်အတက်နေ့ နောက်ဆုံးရသတင်းတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ကတော့ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ဗုဒဟူးနေ့၊ သင်္ကြန်အတက်နေ့ဖြစ်လို့ မဟာ အတာသင်္ကြန်ကာလ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ တနိုင်ငံလုံးအနှံ့ မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြတဲ့ချိန် အလှပြကားတွေ၊ ရေကစားသူတွေ၊ ရေပက်ခံသင်္ကြန်ကားတွေကို သီဆိုဖျော်ဖြေနေတဲ့ ရေပက်ခံမဏ္ဍပ်တွေအတွက် လုံခြုံရေးကို လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးအဖွဲ့တွေက တင်းတင်းကျပ်ကျပ် တာဝန်ယူ ဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး နေရာတွေကို တာဝန်ယူထားရတဲ့ အရှေ့ပိုင်းခရိုင် ကွပ်ကဲမှုရုံး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးသိန်းအောင်က အခုလို ပြောပါတယ်။

" ဒီနှစ်ကတော့ ကျနော်တို့ အရင်နှစ်တွေနဲ့ မတူဘူး။ လုံခြုံရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ လမ်းတွေရော၊ မဏ္ဍပ်တွေရော ပိုက်စိပ်တိုက်ပြီးတော့ အင်အားတွေ တိုးမြှင့်ချထားတဲ့အတွက်ကြောင့် လူတွေ၊ ပြည်သူတွေကလည်း အရင်နှစ်တွေကထက်စာရင် စည်းနဲ့ကမ်းနဲ့ ပြဿနာတွေ နည်းပါတယ်။ ကျနော်တို့က ဘူတာကြီးရယ်၊ ကရဝိတ်ရယ်၊ နောက်ပြီးတော့ ကန်တော်ကြီးရယ်၊ တိရစ္ဆာန်ဥယျာဉ်ရယ်၊ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ် ၁၅ ခု ကျနော့်ဆီမှာ အများဆုံးပေါ့ဗျာ။ အစည်ကားဆုံးနေရာဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူတွေကလည်း အသိစိတ် ပိုပြီးတော့ ဝင်လာတဲ့အတွက်ကြောင့် နောက်ဆုံးနေ့အထိတော့ အားလုံး ချောချောချူချုပဲ မရှိသလောက် ရှားသွားပါတယ်။"

မြန်မာ့ရိုးရာမပျက် သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေ မရှိအောင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေက ဆောင်ရွက်သလို အရက်သေစာ အလွန်အကျွံ သောက်စားမှုတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်ပွားအောင် လုံခြုံရေး အစီအစဉ်တွေကို ကွပ်ကဲမှု ကော်မတီတွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တယ်လို့ ဦးသိန်းအောင်က အခုလို ပြောပြပါတယ်။

"စည်းကမ်းထိန်းသိမ်းရေးနဲ့ ဝတ်စားဆင်ယင်မှု အပိုင်းမှာတော့ သက်ဆိုင်ရာ မဏ္ဍပ်တွေ၊ စတိတ်ရှိုးမှာရှိတဲ့ တာဝန်ရှိသူတွေကို မြန်မာ့ဓလေ့ ထုံးတမ်းနဲ့အညီ ဝတ်စားဆင်ယင်ဖို့ အဲ့တာလေးတွေ မှာကြားပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေကလောက် သရုပ်ပျက်တွေတော့ မရှိဘူး။ နည်းတော့ နည်းသွားပါတယ်။ အရက်သေစာ သောက်စားပြီးတော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး ဆက်ဆံမိတာတို့၊ ဒေါသလေးတွေဖြစ်ပြီးတော့ အရက်ကြောင့် အရက်ကို ရှေ့တန်းတင်ပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့လည်း ဒီနှစ်မှာ လိုင်စင်မဲ့ အရက်တွေ ရောင်းချတာတွေ၊ တရားမဝင် ရောင်းချတာတွေကို ကျနော်တို့ ဖမ်းဆီးပြီးတော့ တရားစွဲတင်ခဲ့ပါတယ်။ တရားရုံးကလည်း စီမံချက်နဲ့အညီ ဆောင်ရွက်နေတဲ့အတွက်ကြောင့် ကျနော်တို့ မဏ္ဍပ်တွေရှေ့ကို သွားပြီး လေ့လာလိုက်တဲ့အခါမှာ ဒေါသထွက်ပြီးတော့ အဲ့လို ဖြစ်ပွားမှုတွေ လျော့နည်းသွားတာ ဖြစ်ပါတယ်။"

ရေကစားရင်း ခိုက်ရန်ဖြစ်ပွားတာ၊ မတော်တဆ ထိခိုက်မှု ဖြစ်ပွားတာတွေအတွက်လည်း နာရေးကူညီမှုအသင်း ကယ်ဆယ်ရေး ပရဟိတလူငယ်တွေက စေတနာ့ဝန်ထမ်းအဖြစ် လူစည်ကားတဲ့နေရာတွေမှာ ကူညီဆောင်ရွက်ပေးကြတာတွေ ရှိတယ်လို့လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။



"မျှော်စင်ကျွန်းမှာ၊ နောက် ကန်တော်ကြီး ဆရာဝန်အသင်းတိုက်၊ ကမ္ဘာအေး Sedona နား၊ တရုတ်ဘုံကျောင်းနားမှာ အရေးပေါ်ကယ်ဆယ်ရေးအတွက် အသင့်လုပ်ထားပါတယ်။ ကားအက်ဆီးဒင့်ဖြစ်တာတို့၊ မူးရူးပြီးတော့ ရိုက်တာတို့ သွေးထွက်သံယိုဖြစ်တာ အရေးပေါ် ကျနော်တို့ ဆေးရုံပို့ပေးတယ်။ ဆေးရုံပို့ဖို့ မလိုဘူးဆိုရင်လည်း ဆေးဝါးထည့်ပေးတယ်။ အဲ့တာလေးတွေ လုပ်ပေးပါတယ်။"

သင်္ကြန်ပွဲတော်အတွင်း ဒီနှစ်မှာတော့ မြန်မာ့ရိုးရာသံချပ်အဖွဲ့တွေ ထူးထူးခြားခြား ပေါ်ထွက်လာပြီး မြန်မာ့ရိုးရာသံချပ်တွေမှာ လက်ရှိမြန်မာပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ အာဏာပိုင် အဖွဲ့အစည်းအတွင်းက လိုအပ်ချက်တွေကို စပ်ဆိုထားတဲ့ သံချပ်တွေကို ပြည်သူလူထု စိတ်ဝင်စားပြီး သူတို့ရဲ့ အသံတွေကို တာဝန်ယူသူတွေဘက်ကလည်း အလေးထား စဉ်းစားဖို့ဖြစ်တယ်လို့လည်း ရိုးရာသံချပ်ဖျော်ဖြေရေးအဖွဲ့ တန်ခူးရင်ခွင်က ကိုအောင်ကိုဦးလွင် က ပြောပါတယ်။

"လူငယ်တွြေုဖစ်ပေါ်နေတဲ့ အလုပ်လက်မဲ့ ပြည်သူတွေအတွက် အလုပ်ရဖို့အတွက် သံချပ်လေးတွေရယ် နောက်ပြီးတော့ ကျနော်တို့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာလေးတွေ အဲ့လိုဟာလေးတွေကို ရေးဖွဲ့ထားတာပါ။ ပြည်သူတွေအားလုံးကလည်း အလေးထားတယ်ခင်ဗျ။"

သင်္ကြန်ဟာ စီးပွားရေး ကုမ္ပဏီတွေအတွက် ကြော်ငြာအကောင်းဆုံး လုပ်နိုင်တဲ့ အခွင့်အခါ ဖြစ်တာနဲ့အညီ သင်္ကြန်တွင်း စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ရေပက်မဏ္ဍပ်တွေ အဓိက နေရာယူထားသလို၊ မကြာခင်က အသစ်ဝင်ရောက်လာတဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေရဲ့ မဏ္ဍပ်တွေကိုလည်း တွေ့လာရပါတယ်။ နိုင်ငံတကာ ကုမ္ပဏီဖြစ်တဲ့ Coca Cola ရဲ့ နွေရာသီ ပျော်ပွဲရွှင်ပွဲတွေကို ရန်ကုန်နဲ့ မန္တလေး၊ ဦးပိန်တံတား စတာတွေမှာ ကျင်းပဖြစ်ခဲ့တာကို Coca Cola ရဲ့ လူထုဆက်ဆံရေးဌာနက မလှမြတ်မွန် ကလည်း ပြောပါတယ်။

"ကျမတို့ ရန်ကုန်မှာတော့ ဒီ Coca Cola မြန်မာရဲ့ Summer Festival ဆိုပြီးတော့ နွေရာသီ ပျော်ပွဲရွှင်ပွဲ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ ကျမတို့ နေ့လည်ခင်းဆိုရင် Coca Cola အအေးကို Coca Cola Myanmar Summer Festival တခုလုံးကို လာတဲ့သူတွေကို အခမဲ့ တိုက်ကျွေးခဲ့တာပေါ့နော်။"

မဟာသင်္ကြန် အကြိုနေ့ကစလို့ ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ ရေကစားမဏ္ဍပ်တွေနဲ့ ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးတော့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေလည်း မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကို လာရောက်ဆင်နွှဲကြပါတယ်။
XS
SM
MD
LG