သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမဟာစင် ရခိုင်ကမ်းရိုးတန်းဘက်ဦးတည်


မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ မောင်တောနဲ့ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၅၀၊ ကျောက်ဖြူမြို့နဲ့ မိုင် ၃၆၀ အကွာမှာ ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပါတယ်။

ဒီလမ်းကြောင်းအတိုင်း ဆက်လက် ရွေ့လျားလာမယ်ဆိုရင် မုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ဝင်ရောက်နိုင်တာကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်မှုတွေကို အာဏာပိုင်တွေက နေရာအနှံ့မှာ ဆောင်ရွက် ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီကနေ့နေ့ခင်း ၁ နာရီအချိန်က မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မဟာစင်မုန်တိုင်းဟာ ၁ နာရီကို ၁၅ မိုင်နှုန်းနဲ့ မြန်မာပြည်ဘက်ကို နီးကပ်လာနေတာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ လက်ရှိ လမ်းကြောင်းအတိုင်း ဆက်လက် ရွေ့လျားလာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နယ်၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြားကနေ ကုန်းတွင်းပိုင်းကို မနက်ဖြန် ညနေပိုင်းလောက်မှာ ဖြတ်သန်းနိုင်ပါတယ်။ မုန်တိုင်းဗဟိုချက် လေတိုက်နှုန်း မိုင် ၆၀ ရှိနိုင်တယ်လို့လည်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေ အပါအဝင် ရခိုင်၊ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့လည်း မိုးဇလဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မုန်တိုင်းကမ်းခြေကို ဖြတ်ကျော်စဉ်မှာ မောင်တောနဲ့ စစ်တွေ ကမ်းခြေတွေမှာ မုန်တိုင်း ဒီရေ မြင့်တက်နိုင်ကြောင်းလည်း မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

“မောင်တောခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ၈ ပေကနေ ၁၀ ပေအထိ၊ စစ်တွေခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ၆ ပေမှ ၈ ပေခွဲအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းရသည်။”

ဒါကတော့ မိုးဇလဌာနက ဝန်ထမ်းတစ်ဦး ဒီကနေ့ နေ့ခင်း ထုတ်ပြန်ချက်ကို ပြောပြတာ ဖြစ်ပါတယ်။ မုန်တိုင်းရဲ့ လက်ရှိ အခြေအနေကိုတော့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကတော့ ဒီလ ၁၁ ရက်နေ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ် ပြောင်းလဲစဉ် ကာလကတည်းက ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်တာတွေကို စတင် လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

လတ်တလော ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ပြည်နယ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂကပါ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

“ဘင်္ဂါလီဒုက္ခသည်စခန်းမှာလည်း တဲအိမ်လေးတွေလည်း ရှိပါသေးတယ်တချို့၊ အဲ့ဒီတဲအိမ်တွေကို ဖြုတ်ပြီးတော့ ကျနော်တို့ နေရာချနေပါတယ်။ နီးစပ်ရာ ကုန်းမြင့်တဲ့ရွာတွေမှာ နေရာချပါတယ်။ ပြောင်းရွှေ့နေပါတယ်။ ဒီနေ့အဖို့ကတော့ ကုလသမဂ္ဂအဖွဲ့က ညှိနှိုင်းရေးမှူးနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းပြီးတော့ ရွှေ့ပြောင်းရေးတွေကို ကြီးကြပ်နေပါတယ်။ ဒေသခံတွေကိုလည်း မုန်တိုင်းဟာ စစ်တွေကို ရိုက်ခတ်ခဲ့လို့ရှိရင် သက်သာရာသက်သာကြောင်းဖြစ်အောင် ကျနော်တို့ စီမံဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုအဆင့်ကလည်း မနေ့က ဒုသမ္မတကိုယ်တိုင် စစ်တွေကို ရောက်လာပြီးတော့ လိုအပ်တာတွေကို ကြီးကြပ်ခဲ့ပါတယ်။ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် မောင်တောဒေသ အထူးသဖြင့်ပေါ့နော်။ စစ်တွေ၊ ပေါက်တော ဒေသများမှာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးတွေ ကျနော်တို့ လုပ်နေကြပါတယ်။”

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက မုန်တိုင်းလွတ်ရာဒေသကို ပြောင်းရွှေ့နေစဉ်မှာ အစ္စလာမ်ဘာသာဝင် စက်လှေတစ်စင်း တိမ်းမှောက်ခဲ့တာကြောင့် လူ ၆၀လောက် ပျောက်ဆုံးနေပါတယ်။ ဒီလိုပြောင်းရွှေ့တာဟာ အစိုးရအစီအစဉ်အတိုင်းမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ အခုချိန်ထိတော့ သေဆုံး သို့မဟုတ် ပျောက်ဆုံးစာရင်းကို အတိအကျ မရသေးဘူးလို့လည်း ဦးလှသိန်းက ပြောပါတယ်။

“စက်လှေမြုပ်သွားပြီးနောက် တာဝန်ရှိတဲ့သူတွေက ရှာဖွေကြတဲ့အခါမှာ ၄၃ ဦးကတော့ ဆယ်နိုင်တယ်။ ကျန်တဲ့သူ ၅၀ လောက် ပျောက်နေတယ်လို့ ပြောပါတယ်။ ၅၀ လောက်ပျောက်နေတယ်ဆိုတော့ နောက်ပြီးတော့ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ အလောင်းရရှိတဲ့စာရင်းကိုတော့ ကျနော် မသိသေးဘူးခင်ဗျ။”

မနက်ဖြန်ညနေပိုင်းမှာ ဝင်ရောက်လာမယ့် မဟာစင်မုန်တိုင်းကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနိုင်ငံက လူ ၈ ဒဿမ ၂ သန်းဟာ အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ UNOCHA ခေါ် ကုလသမဂ္ဂ လူသားချင်း ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG