သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ တိုက်ခိုက်ခံရမှု မဟုတ်မှန်ကြောင်း ငြင်းဆို


အီရန်သမ္မတ မာမွတ် အမ္မာဒီနီဂျတ် (Mahmoud Ahmadinejad) ဒီကနေ့ပဲ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို အစိုးရ သတင်းဌာနတွေက ငြင်းဆန်နေပါတယ်။

နိုင်ငံအနောက်ပိုင်းက Hamedan ဒေသကို ခရီးသွားနေတဲ့ သမ္မတရဲ့ ကားတန်းကို တိုက်ခိုက်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း မစ္စတာ အမ္မာဒီနီဂျတ် အထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ ရှေးရိုးစွဲဝါဒီတွေရဲ့ kabaronline အင်တာနက် ဝက်ဘ်ဆိုက်ဒ်က ဖော်ပြခဲ့တာပါ။

ရိုက်တာစ်သတင်းဌာနနဲ့ Al-Arabiya သတင်းဌာနတွေကလည်း သမ္မတရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဒီအဖြစ်အပျက်ဟာ သမ္မတကို တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ပေါက်ကွဲမှုဟာ အီရန်ခေါင်းဆောင်ကို ကြိုဆိုတဲ့ အခမ်းအနားအတွင်း ဗျောက်အိုးဖောက်တာသာ ဖြစ်နိုင်ပါတယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ထိခိုက်သူတော့ မရှိခဲ့သလို သမ္မတ အမ္မာဒီနီဂျတ်ဟာလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုတာမျိုး မရှိဘဲ Hamedan ဒေသမှာ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ မိန့်ခွန်းစကား ပြောဆိုဖို့ ဆက်လက် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ သမ္မတကတော့ သူ့ကို ပစ်မှတ်ထား လုပ်ကြံဖို့ အစီအစဉ်တွေ ရှိတယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားတာပါ။

တနင်္လာနေ့တုန်းက နိုင်ငံကနေ စွန့်ခွာသွားသူတွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောရာမှာတော့ အစ္စရေးလ်နိုင်ငံဟာ သူ့ကိုသတ်ဖို့ လူငှားပြီး လေ့ကျင့်ပေးနေတယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG