သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းကိုင်တိုက်ပွဲ စဲသွားပေမယ့် စစ်ရှောင် ၁,၀၀၀ မပြန်ရဲသေး


RCSS/SSA နဲ့ TNLA- တိုက်ပွဲများ (Photo CREDIT to RCSS - SSA News & Information Department )
RCSS/SSA နဲ့ TNLA- တိုက်ပွဲများ (Photo CREDIT to RCSS - SSA News & Information Department )

၂၁ ရာစု ပင်လုံညီလာခံကျင်းပနေစဉ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ဘက်မှာ တပ်မတော်က ထိုးစစ်ရပ်ဆိုင်း၊ တပ်ရုပ်သွားပြီးဆိုပေမဲ့ စစ်ဘေး ရှောင်တွေကတော့ နေရပ်ကို မပြန်ရဲ ကြသေးပါဘူး။ မြန်မာ့တပ်မတော်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA တို့ အကြား တိုက်ပွဲကြောင့် ဒေသခံထောင်ချီနီးပါး မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့အကြောင်း အစုံအလင်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ဘက်မှာ တပ်မတော်ကနေ ထိုးစစ် ဆင်မှုရပ်ဆိုင်း သွားပြီးဆို ပေမဲ့ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့မရဲသေးတဲ့ အခြေအနေမှာရှိနေပါတယ်။

မြန်မာ့တပ်မတော်နဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တို့ဖြစ်ပွါးနေတဲ့ တိုက် ပွဲကြောင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု၊တုံလောဝ်ကျေးရွာအုပ်စု ဟမ်းငိုင်းကျေး ရွာအုပ်စုဝင် ကျေးရွာတွေက ဒေသခံ တထောင် နီးပါးဟာ ဟမ်းငိုင်းဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရဆဲလို့ မိုင်းကိုင်မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက ပြောပါတယ်။

“အားလုံး (၉၁၇) ဗျ။ (၉၁၇) ယောက်ပေါ့။ အိမ်ခြေအားဖြင့်တော့ (၃၁၅) အိမ်။ နားလေ၊ နားအွတ်၊ ဖိုခဲ နောက်ပြီး နောင်တောင်း၊ ဖါက၊ ကုန်းညောင်- အဲတာတွေဗျ။ သူတို့ အခုတော့ စားရေးသောက်ရေးတော့ အခက်အခဲ မရှိတော့ဘူး။”

လက်ရှိမှာစစ်ရှောင်တွေကိုဝမ်နားလေကျောင်းတိုက်၊ လုံစံကျောင်းတိုက်၊ စက်တော် ကျောင်းတိုက်၊ ကုံးဇုံ ကျောင်းတိုက်၊ ကျေးသီးမြို့ သုဝဏ္ဏဟုန်းထမ်းကျောင်းတိုက်နဲ့ ဆွေမျိုးရှိရာကျေးသီးမြို့ဘက်၊ မိုင်းကိုင်မြို့ ဘက်၊ ပန်ကေတု၊ တုံလောဝ်း ၊ နမ့်လန်ဘက်မှာလည်းသွားရောက်ခိုလုံနေကြပါတယ်။

ဒီစစ်ရှောင်တွေဟာ မြန်မာ့တပ်မတော်နဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တို့ ဟာ ဟိုခိုင်းကျေးရွာနဲ့ ဟမ်းငိုင်းကျေးရွာအုပ်စုအကြား ဇူလိုင်လ (၈) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ ဖြစ်ပွါးနေတဲ့တိုက်ပွဲကြောင့် စစ်ဘေး တိမ်းရှောင်လာခဲ့ကြတာပါ။

စစ်ရှောင်တွေကို ဒေသခံကူညီရေးအဖွဲ့တွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကနေ စားသောက်ရေး အတွက် အကူညီပေးနေကြပါတယ်။

မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စုအတွင်း တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြု တပ်စခမ်းတွေကို မြန်မာ့တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း နှစ်ဖက် တိုက်ပွဲတွေ (၄) ရက ဆက်တိုက် ဖြစ်ပွါးလာခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုရှိခဲ့တယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦး က ပြောပါတယ်။

“ထိခိုက်မှုအခြေအနေတော့ကျွန်တော်ကြားတာတော့ တပ်မတော်ဘက်က ထိခိုက် ဒဏ်ရာ ရမှုတွေရှိပါတယ်။ ကျွန်တော်တို့ဘက်လဲအနဲနဲ့အများတော့ရှိပါတယ်။”

မြန်မာ့တပ်မတော်နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ နှစ်ဖက် တွေ့ဆုံဆွေး နွေး သွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ကျနော်တို့ဘက်က တောင်းဆိုထားတာ ရှိပါ တယ်။ ကျနော်တို့ RCSS နဲ့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ဆိုပြီးတော့ တပ်မတော် ဘက်ကလည်း တွေ့ဆုံဖို့လိုတယ်လို့ တွေ့ဆုံမယ်လို့ သူတို့ကပြောပါတယ်။”

နေပြည်တော်ပင်လုံညီလာခံအစည်းအဝေးတက်နေတဲ့ RCSS/SSA ခေါင်းဆောင်တွေ အနေနဲ့ တိုက်ပွဲရပ်စဲ နိုင်ရေးအတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်မှု ကော်မတီ JMC ကနေ တဆင့် ညှိနှိုင်းနေတယ်လို့လည်း သူကပြောပါတယ်။

လက်ရှိမှာမိုင်းကိုင်ဒေသအတွင်း ထိုးစစ်ဆင်နေတဲ့မြန်မာ့တပ်ရင်းတပ်ဖွဲ့တွေကို သက်ဆိုင်ရာ ကနေ တပ် ပြန်လည် ရုပ်သိမ်းခိုင်းလို့ တပ်ဆုတ်နေပြီးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက ပြောပါတယ်။

“မနေ့ညက ကာချုပ် အမိန့်ထုတ်လိုက်တယ်။ အဲဒီတပ်တွေပြန်ဆုတ်ဖို့ အမိန့် ထုတ်လိုက် တယ်။ အခု တပ်တွေလည်း စပြီးနောက်ဆုတ်။ ကျေးသီးဘက်လည်း ပြန်ထွက်သွားတာ ရှိတယ်။ နောက်ဒီ တုံလောဘက်ပြန်ထွက်သွားတာလည်း ရှိတယ်။ နောက်RCSS ကလည်း သူတို့ဆောက်ထားတဲ့နေရာတွေ ဘာတွေအကုန်မရှိတော့ဘူးပေါ့လေ။”

ဒေသခံတပ်မတော်တာဝန်ရှိသူတွေကတော့ တိုက်ပွဲမရှိတော့လို့ စစ်ဘေးရှောင်တွေ နေရပ်ပြန်လို့ရပြီလို့ ပြော ဆိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက ပြောပါတယ်။

“ဗျူဟာမှူးလည်း ဖုန်းဆက်တယ်။ ကျနော်တို့ သွားပြီး အကူညီလုပ်ပေးကြနေတော့ ရွာ သား ကိစ္စတွေ မေး ကြည့်တော့ သူကတော့ ပြန်ခိုင်းလိုက်ပါလို့ပြောလိုက်တယ်။ ပြန် ခိုင်းလိုက်ရင် သင့်လျော်ပါ့မလား မေးကြည့်တော့ ဘာမှမဖြစ်တော့ဘူး။ အခု ဘာမှ မကြား ရတော့ဘူးမဟုတ်လား။ သူတို့အားလုံးပြန်ဆုတ်သွားပြီးပြီးတဲ့။ ပြည်သူတွေကတော့ ဒီတရက် နှစ်ရက်တော့သိပ်အယုံအကြည်မရှိကြသေးဘူးပေါ့ဗျာ။ သူတို့ရွာကို ပြန်စုံစမ်း မယ်။ အခြေအနေကောင်းမယ်၊ ဘာမှမရှိဘူးဆိုတဲ့အခါကျတော့မှ သူတို့ပြန်ကြမယ်လို့ ပြောတယ်။”

တောင်ပိုင်းပြည်တပ်မတော် RCSS/SSA ဟာအစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေး ထိုးထားပေမဲ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွါးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းဖက်မှာတပ်မတော်ကနေ တပ်ရုပ်သိမ်းပြီး တိုက်ပွဲ ငြိမ်သက်သွားပေမဲ့ ကချင်ပြည်နယ် ဘက်မှာတော့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီနေ့မနက်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ဖါးကန့် မြို့နယ်ဘက်က KIA တပ်ရင်း ၆ ရဲ့ စခန်းငယ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွါးနေတယ်လို့ ဖါးကန့့်မြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တယ်။ ဒီမနက် (၇) နာရီကနေ (၁၂) နာရီအတောတွင်းမှာ သုံးကြိမ်ဖြစ် တာပေါ့နော်။ ဂျာလာယန် ဘက်မှာတချက်ပေါ့နော်။ ဘွမ်ကျန်ဘက်မှာ တချက်ပေါ့။ ဘွမ်ကျန်ဆိုတာက အခု ကျနော်တို့ ရင်း (၆) တွေရဲ့ စစ်ဆင်ရေးလှုပ်ရှားတဲ့ နယ်မြေတွေပေါ့နော်။”

၂၁ ရာစုပင်လုံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ကျင်းပနေဆဲ အချိန် မှာတပ်မတော်ကနေ NCA အပစ်ရပ်တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ အပေါ် စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ကချင်ပြည်နယ် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ တပ်မတော်ကနေ သတင်းထုတ်ပြန် တာမျိုး မတွေ့ရသေးပါဘူး။

လက်ရှိမှာ အစိုးရကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖေါ်ဆောင်ဖို့အတွက် ၂၁ ရာစုပင်လုံခေါ် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ တတိယအကြိမ်ကျင်းပနေဆဲအခြေအနေမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွါးနေတာဟာ NCA ကို အယုံကြည်မဲ့စေတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG