သုံးရလွယ်ကူစေသည့် Link များ

ဆန္ဒပြကျောင်းသားများ လက်ပံတန်းမှာ ပိတ်ဆို့ခံရ


လက်ပံတန်းတွင် ဆန္ဒပြ ချီတက်ကျောင်းသားများကို ပိတ်ဆို့ထားသည့် ရဲတပ်ဖွဲ့ဝင်များ။ မတ် ၃၊ ၂၀၁၅။ ဓာတ်ပုံ - စည်သူနိုင် (ဗွီအိုအေ မြန်မာဌာန)

အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် သပိတ်မှောက်နေတဲ့ကျောင်းသားတွေချီတက်လာတဲ့အတွက် ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဟန့်ထားတားပါတယ်။ ဒီအတွက် ကျောင်းသားတွေက လက်ပံတန်းမြို့နဲ့နှစ်မိုင်လောက်အကွာနေရာ တာဆုံနေရာမှာပဲ အစာငတ်ခံပြီး ထိုင်သပိတ်ဆင်နွဲနေကြပါတယ်။ အာဏာပိုင်တွေကလည်း (၆) နာရီအတွင်းလူစုခွဲပေးဖို့ တောင်းဆိုနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကျောင်းသားတွေ ခရီးရှည်ချီတက်လို့မရအောင် လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းဝန်းကို အာဏာပိုင်တွေက ပိတ်ဆို့ ထားခဲ့ပေမယ့် မတ်လ ၃ ရက်နေ့မှာ ကျောင်းသားတွေက သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း ရန်ကုန်အရောက် ခရီးရှည်ချီတက်ဖို့ လက်ပံတန်းမြို့ကနေ စပြီး ထွက်ခွာလာခဲ့တာပါ။ ဒီနေ့မှာတော့ တာဆုံနေရာမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးထားပါတယ်။ နေ့လယ်ပိုင်းမှာ ကျောင်းသူတဦးအရိုက်ခံခဲ့ရတဲ့အတွက် နှစ်ဘက်ကြားမှာ အခြေအနေတင်းမာလာပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဘက်က ကျောင်းသားတွေ (၆) နာရီအတွင်း လူစုခွဲပေးဖို့ အသံချဲ့စက်တွေနဲ့ ကြေညာနေပါတယ်။

ကျောင်းသားတွေကိုကူညီဖို့ လက်ပံတန်းပြည်သူတချို့ရောက်လာချိန်မှာလည်း ကျောင်းသားနဲ့ပြည်သူကို ရဲတပ်ဖွဲ့ဝင်တွေက အဆင့်ဆင့် ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် ရောက်ရာနေရာမှာပဲထိုင်ပြီး ကျောင်းသားနဲ့သံဃာတွေဟာ အစာငတ်ခံ ထိုင်သပိတ်ဆင်နွဲနေတယ်လို့ သပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင်က ဆိုပါတယ်။

“အခု ကျနော်တို့ကထွက်လာပြီ။ ထွက်လာပြီးတော့ ဆိုင်လိုက်ပြီ။ ဆိုင်လိုက်တော့ ကျနော်တို့ကို နောက်ကနေပိတ်တယ်။ ပြီးတော့ ရှေ့ကနေပိတ်တယ်ပေါ့နော်။ ရဲအင်အားကတော့ တော်တော်များတယ်။ ထောင်ကျော်တယ်ဗျ။ ဒီကြားထဲမှာ ပြည်သူတွေပါ ကြားထဲက ညပ်နေတယ်။ ကျနော်တို့က အခုကြားထဲမှာ၊ ပြည်သူက လုံးဝကို ဝင်မရဘူး။ အဲဒီလိုမျိုး ထိုင်နေပြီးတော့ ရှေ့ကကာထားတယ်။ ရှေ့က ကျနော်တို့ရဲ့ကျောင်းသူတွေက ကာထားပေးတယ်။ သူတို့က ရှေ့မှာ ရဲမေတွေကို ထားလို့ပေါ့နော်။ အဲလို အနေအထားမှာ ရဲမေတွေရဲ့ ဟိုဘက် ညာဘက်ခြမ်းကနေ အမိန့်ပေးပြီးတော့ ကျနော်တို့ကျောင်းသူတယောက်ကို တုတ်နဲ့ဝင်ရိုက်တယ်ဗျ။ တုတ်နဲ့ဝင်ရိုက်တော့ အခု ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ အခု ကျနော်တို့တွေအနေနဲ့ ပြန်ပြီးတော့ ထိန်းသိမ်းထားတယ်ဗျ။ ဝန်းရံတဲ့လူတွေကလည်း ကျနော်တို့ကို ပိတ်ထားတဲ့ရဲတွေရဲ့အနောက်ကနေ သူတို့ကထပ်ဝိုင်းတယ်။ ထပ်ဝိုင်းတော့ သူတို့ကို လုံထိန်းကားတွေထပ်ရောက်လာပြီး ထပ်ဝိုင်းထား တယ်။ အခုက တဆင့်ချင်းစီ ကျနော်တို့က အဝိုင်းခံထားရသလို ဖြစ်နေတယ်။

ကျနော်တို့ထိုင်သပိတ်လုပ်တယ်။ ထိုင်သပိတ်လုပ်ပြီး သံဃာတော်၊ ဆရာတော်တွေကလည်း လမ်းဖွင့်ပေးဖို့ကို မေတ္တာရပ်ခံတယ်။ မေတ္တာရပ်ခံတာကို သူတို့အနေနဲ့က သံဃာတော်တွေ မေတ္တာရပ်ခံပြီး စကားပြောနေတဲ့အနေအထားကို Sound-box တွေနဲ့ ဆူညံအောင် လုပ်တယ်။ ဆူညံအောင်လုပ်တော့ ဆရာတော်တွေ၊ သံဃာတော်တွေကလည်း ထပ်ပြီး မေတ္တာရပ်ခံတာပေါ့နော်- Sound-box တွေကို ပိတ်ပေးပါလို့ ပြောတယ်။ သူတို့လက်မခံဘူး၊ အဲဒါနဲ့ ဆရာတော်၊ သံဃာတော်တွေက သူတို့အနေနဲ့ အစာငတ်ခံဆန္ဒပြမယ်ဆိုပြီး ကြေညာချက် ထုတ်တယ်၊ ဒီလမ်းကို ဖွင့်မပေးလို့ရှိရင်--ပေါ့နော်။ ကျနော်တို့အနေနဲ့ကလည်း သံဃာတော်တွေက ကျနော်တို့ကို ကူညီတာဖြစ်တဲ့အတွက် ကျနော်တို့ကျောင်းသားတွေအကုန်လုံးကလည်း hunger strike ဝင်ဖို့အတွက်ကို ကြေညာချက် ထုတ်လိုက်ကြတယ်ဗျ။”

အခုလိုမျိုး ရဲအင်အားအလုံးအရင်းနဲ့ ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းကို ပိတ်ဆို့တားဆီးနေတဲ့အပေါ်မှာ လက်ပံတန်းပြည်သူတွေက ဝေဖန်ပြောဆိုနေကြသလို နေပူထဲမှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေကို သောက်ရေလာတိုက်ရင်း ကျောင်းသားတွေကို အကူအညီပေးနေပါတယ်။

မနေ့ကတော့ ကျောင်းသားတွေက သာယာဝတီ၊ သုံးဆယ်မြို့အထိ ချီတက်ပြီး ရန်ကုန်ကိုကားတွေနဲ့ထွက်ခွာမှာကို ခွင့်ပြုဖို့ တောင်းဆိုခဲ့ ပါတယ်။ ရန်ကုန်ကိုရောက်မှသာ သပိတ်ရပ်နားပြီး လွှတ်တော်ရဲ့အခြေအနေကို စောင့်ကြည့်မယ်လို့ ကျောင်းသားတွေဘက်က အသိပေး ထားခဲ့ပါတယ်။ သူတို့ရဲ့တောင်းဆိုချက် အချက် (၈) ချက်ကို ပဲခူးတိုင်း နယ်လုံဝန်ကြီးက အကြောင်းမပြန်တဲ့အတွက် မူလ ရည်မှန်းချက် အတိုင်း ကျောင်းသားတွေက ချီတက်ဆန္ဒပြရာကနေ အခုလို ပိတ်ဆို့ဟန့်တားမှုတွေ ဖြစ်ပါရတာပါ။ ဗကသဥက္ကဋ္ဌ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကတော့ အာဏာပိုင်တွေဘက် ကျောင်းသားတွေကို အကြမ်းဖက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“သူတို့က အကြမ်းမဖက်ပါဘူးလို့ ပြောနေပေမယ့် ကျနော်တို့က လက်ခံယုံကြည်ဖို့က ခက်ခဲတယ်။ အကြမ်းဖက်ဖို့ပဲ ပြင်ဆင်နေတယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒါကြောင့် ကျနော်တို့ ကြိုတင်ပြင်ဆင်စရာရှိတာကို ပြင်ဆင်နေပါတယ်။”

ကျောင်းသားတွေကို အခုလို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့အတွက် နယ်မြို့အသီးသီးက ကျောင်းသားတချို့ဟာ ပင်မသပိတ်နဲ့ပူးပေါင်းဖို့ လက်ပံတန်းမြို့ကို ဦးတည်ပြီး လာရောက်နေကြပါတယ်။ ညနေပိုင်းမှာတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပေါင်းတည်၊ ပြည်၊ ကလေး၊ စစ်ကိုင်းမြို့ တွေမှာ ဒီမိုကရေစီပညာရေးတောင်းဆိုနေတဲ့ ဗကသပင်မသပိတ်စစ်ကြောင်းကို ထောက်ခံပြီး ဆန္ဒပြလာကြတာကြောင့် အဲဒီမြို့တွေမှာလည်း ရဲတွေရဲ့တားဆီးမှုတွေ ရှိနေပါတယ်။ ကျောင်းသားတွေကို ဝန်းရံနေတဲ့ သံဃာတော်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေလည်း ကျောင်းသားတွေ ပိတ်ဆို့ခံရတဲ့နေရာမှာပဲ ရှိနေဆဲဖြစ်ပြီး ညနေပိုင်းမှာတော့ ကျောင်းသားသပိတ် ဦးဆောင်နေသူတွေနဲ့ နယ်လုံဝန်ကြီး ထပ်မံဆွေးနွေးနေပါတယ်။ ဒါပေမယ့် ပိတ်ဆို့တားဆီးထားတဲ့အခြေအနေကတော့ ဒီအတိုင်းပဲ ရှိနေပါသေးတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG