သုံးရလွယ်ကူစေသည့် Link များ

နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၈၀ အတွင်း လူအသေအပျောက်အများဆုံး ငလျင်ကြီးလှုပ်တာကနေ သေဆုံးသူ ၁,၃၀၀ ကျော်သွားပြီ ဖြစ်ပြီး ထပ်တိုး လာမယ်လို့ ခန့်မှန်းထားပါတယ်။ ငလျင်ဘေးဒုက္ခကို ရင်ဆိုင်ရာမှာ နီပေါလ်အစိုးရကိုကူညီဖို့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်လုပ်ဆောင်ရေးအဖွဲ့တွေကို လွှတ်ထားပါတယ်။

ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြီးဟာ ခတ္တမန်ဒူမြို့တော်ရဲ့ အနောက်မြောက်ဘက်ကို စနေနေ့က ဗဟိုပြုလှုပ်ခတ်သွားပြီး မြို့တော် သမိုင်းဝင်အချက်အခြာ နေရာအများစု ပျက်စီးသွားပါတယ်။ ငလျင်ဟာ အရှေ့ဘက်ထိရိုက်ခတ်ပြီး ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်မှာပါ လှုပ်ခတ်တာကြောင့် တောင်တက်သမား ၁၀ ဦးထက်မနည်း သေဆုံးပြီးတော့ အခြေစိုက်စခန်းတခုလုံး မြေကြီးအောက်ရောက်သွားပါတယ်။ ခတ္တမန်ဒူမြို့တော်မြောက်ဘက် မိုင်ရာပေါင်းများစွာ ဝေးတဲ့ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သေဆုံးသူနဲ့ အပျက်အစီး အကြီးအကျယ်ရှိခဲ့တယ်ဆိုတာကို သတင်းရင်းမြစ်တွေက တနင်္ဂနွေနေ့ အစောပိုင်းမှာ ဗွီအိုအေကိုပြောကြပါတယ်။

အိန္ဒိယနိုင်ငံမှာ လူ ၃၁ ဦးထက်မနည်း သေဆုံးသလို ငလျင်ဗဟိုချက်နဲ့ဝေးတဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နဲ့ ကျယ်ပြန့်ပြီး ဝေးလံတဲ့ နီပေါလ်-တရုတ် နယ်စပ် တလျှောက်ဒေသတွေမှာ ထိခိုက်သေဆုံး ပျက်စီးတာတွေရှိခဲ့ပါတယ်။ သေဆုံးရသူတွေ အတွက် ဝမ်းနည်းကြေကွဲရပါကြောင်း အမေရိကန် ပြည်ထောင်စုကပြောပြီး ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ သန်း ချက်ခြင်း အကူအညီပေးမယ်လို့ပြောပါတယ်။

ငလျင်ဟာ ဒေသစံတော်ချိန် နေ့လည်ပိုင်းလောက်မှာ ခတ္တမန်ဒူမြို့တော် အနောက်မြောက်ဘက် မိုင် ၅၀ နီးပါးအကွာ မြေအောက် ၉ မိုင်ကျော်မှာ ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်ပါတယ်။ စနေနေ့က လှုပ်ခတ်ခဲ့ အဲဒီငလျင်ဟာ နီပေါလ်နိုင်ငံမှာ ၈၁ နှစ်အတွင်း အင်အားအပြင်းဆုံး ငလျင်ဖြစ်ပါတယ်။ ဒီ့အရင် အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တာက ၁၉၃၄ ခုနှစ်ကဖြစ်ပြီး လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG