အမေရိကန်နိုင်ငံသား အများစုဟာ အခုအခါမှာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို လူမှုမီဒီယာ ကွန်ယက်တွေကနေ တဆင့် အဓိက ရယူနေတယ်လို့ လူထုစစ်တမ်းမှာ ပထမဆုံးအကြိမ် အဖြစ်တွေ့ရပါတယ်။
Pew သုတေသနဌာနက ကောက်ယူတဲ့ စစ်တမ်းအတွက် တုန့်ပြန်သူ ၆၂ % က သူတို့ဟာ သတင်း အချက်အလက်တွေကို ရဖို့ Facebook တို့ Reddit တို့ Twitter တို့လို လူမှုကွန်ယက် တွေကို သုံးနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက Pew က အလားတူ စစ်တမ်း ကောက်ခံခဲ့တုန်းက ၄၉ % လောက်ပဲ ရှိခဲ့တာပါ။
အများဆုံးသုံးတဲ့ လူမှုကွန်ယက်က ဖေ့စ်ဘုတ်ဖြစ်ပြီး အဲဒီမှာ ပုံမှန်သုံးသူ ၆၆ ရာနှုန်းလောက် ရှိပြီး အဲဒီထဲက သုံးပုံ၂ပုံကတော့ သူငယ်ချင်းတွေ တင်ထားတဲ့ သတင်းတွေပါတဲ့ ဆိုက်တွေကို ရှာကြည့်ကြတာပါ။Twitter မှာတော့ သတင်းဝင်ကြည့်သူ ၅၉ % ရှိပြီး LinkedIn - YouTube နဲ့Reddit တို့မှာလည်း သတင်းဝင်ကြည့်သူတွေ အတော်များပါတယ်။
အသုံးများတဲ့ လူမှုမီဒီယာ ၅ ခု မှာ လာရောက်ကြည့်ရှုသူတွေကို ကြည့်ရင် ကွဲပြားနေတာ တွေ့ရပြီးLinkedIn သုံးသူတွေဟာ တက္ကသိုလ် ဘွဲ့ရတွေ ဖြစ်လေ့မရှိပဲ ဖေ့စ်ဘုတ် သုံးသူတွေက အမျိုးသမီးအများစု ဖြစ်လေ့ရှိသလို Instagram သုံးသူတွေကလည်း လူနည်းစု တိုင်းရင်းသားတွေ ဖြစ်လေ့ရှိတယ် လို့ သုတေသနပညာရှင်တွေက တွေ့ရှိခဲ့တာပါ။
သူတို့ဟာ လူမှု မီဒီယာ ၉ ခုပေါ် အခြေခံ ကောက်ယူခဲ့တာဖြစ်ပြီး ဒီကွန်ယက်တွေကတော့ Reddit, Facebook, Twitter, Tumblr, Instagram, YouTube, LinkedIn, Snapchat နဲ့ Vine တို့ဖြစ်ပါတယ်။ ဒီ ၉ ခုစလုံးအတွက် သုံးစွဲသူတွေ တိုးလာတာတွေ့ရပါတယ်။