သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ဖို့ နိုဘယ်ဆုရှင် Malala တောင်းဆို


၂၀၁၄ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပါကစ္စတန်နိုင်ငံသူ Malala Yousafzai.
၂၀၁၄ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပါကစ္စတန်နိုင်ငံသူ Malala Yousafzai.

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတာ အဆုံးသတ်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ ၂၀၁၄ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ပါကစ္စတန်နိုင်ငံသူ Malala Yousafzai က တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေအပေါ် လူမဆန်စွာ ဖိနှိပ်ညှဉ်းပန်းနေတာတွေ ရပ်တန့်ဖို့အတွက် မြန်မာအစိုးရခေါင်းဆောင်တွေကို တောင်းဆိုကြောင်း၊ ကမ္ဘာ့ အသိုင်းအဝိုင်းကလည်း ဝိုင်းဝန်းတိုက်တွန်းကြဖို့ အသက် ၁၇ နှစ် အရွယ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်က တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ သူတို့ မွေးဖွားတဲ့ တိုင်းပြည်အတွင်း နှစ်ပေါင်းများစွာ နေထိုင်လာပြီးတဲ့နောက် အဲဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း၊ သူတို့အနေနဲ့ တန်းတူအခွင့်အရေးတွေ ရသင့်ကြောင်း၊ သူတို့အနေနဲ့လည်း ကျန်သူတွေ အားလုံးနည်းတူ ဂုဏ်သိက္ခာရှိစွာ လေးလေးစားစား ဆက်ဆံခံရသင့်ကြောင်း၊ ဒီကနေ့ကစပြီး နေ့စဉ် ရိုဟင်ဂျာတွေနဲ့အတူ သူ့အနေနဲ့ ရပ်တည်ကြောင်း၊ ကျန်တဲ့သူတွေ အားလုံးလည်း အလားတူ လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေဟာ မကြာသေးခင်က မြန်မာအစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို လှေစီးပြေး ဒုက္ခသည်တွေ အဖြစ် လူမှောင်ခိုကူးသူတွေကတဆင့် ထွက်ပြေးဖို့ကြိုးစားရာမှာ ပင်လယ်ပြင်မှာ စက်လှေတွေပေါ်မှာ စွန့်ပစ်ခြင်းခံခဲ့ရတဲ့အတွက် နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က နော်ဝေနိုင်ငံမှာ ကျင်းပတဲ့ ညီလာခံတခုအတွင်းမှာလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ ဘုန်းတော်ကြီး Desmond Tutu နဲ့ အိုင်ယာလန်နိုင်ငံသူ Mairead Macguire တို့ကလည်း ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့်ပြုဖို့ တိုက်တွန်းခဲ့ကြပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေအဖြစ်သတ်မှတ်ပြီး ယာယီနိုင်ငံသား လက်မှတ် ပြန်လည်အပ်နှံထားသူတွေအတွက် အခုလအတွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

XS
SM
MD
LG