သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သူလေး Malala Yousafzai ဥရောပသမဂ္ဂရဲ့ Sakharov ဆုချီးမြှင့်ခံရ


ပါကစ္စတန်သူလေး Malala Yousafzai
ပါကစ္စတန်သူလေး Malala Yousafzai
အီးယူ ဥရောပသမဂ္ဂရဲ့ လူ့အခွင့်ရေးဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့ Sakharov ဆုကို ပါကစ္စတန်ကျောင်းသူလေး Malala Yousafzai ကိုချီးမြှင့်လိုက်ပြီဖြစ် ပါတယ်။ အမျိုးသမီးပညာရေး အဆင့်အတန်းမြင့်မား လာအောင် ကြိုးပမ်း မှုတွေကြောင့် မာလာလာဟာ တာလီဘန်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရပါတယ်။

ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ သောင်းခွဲ သတ်မှတ်ထားတဲ့ လွတ်လပ်တဲ့တွေးခေါ်မှုပိုင်ရှင် ဆာခါရော့ဗ် ဆုကို ကြာသပတေးနေ့မှာ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက Brussels မှာ ကြေငြာလိုက်တာပါ။

၂၀၀၉ ခုနှစ်ကတည်းက အမျိုးသမီးတွေ ပညာသင်ကြားရေးကို အဲဒီအချိန်က အုပ်ချုပ်နေတဲ့ တာလီဘန်တွေက တားမြစ်ထားတဲ့ ကြားကပဲ ပါကစ္စတန်နိုင်ငံ Swat တောင်ကြားဒေသမှာ အမျိုးသမီးတွေ ပညာသင်ကြားရေး၊ လွတ်လပ်မှု ရရှိရေးနဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လုပ်ပိုင်ခွင့်ရှိရေးတွေအတွက် အသက် ၁၁ နှစ်အရွယ်ပဲရှိသေးတဲ့ မာလာလာက လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

သူဟာ နံမယ်ဝှက်နဲ့ ကွန်ပြူတာမှာ ဘလော့တခု စဖွင့်ပြီး ရေးသားခဲ့တာမို့ အမျိုးသမီး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်သူအဖြစ် တဟုန်ထိုးကျော်ကြားလာတာပါ။ ၂၀၁၂ ခုနှစ်မှာ တာလီဘန်တွေက သူစီးလာတဲ့ ကျောင်းကားကို တိုက်ခိုက်ပြီး သူ့ကိုလုပ်ကြံခဲ့တာမို့ သေလောက်တဲ့ ဒဏ်ရာတွေ ရခဲ့တာပါ။ သူ့ကို ဗြိတိန်နိုင်ငံမှာ ခွဲစိတ်မှုမျိုးစုံလုပ်ပြီး သူ့ရဲ့လည်ပင်းက သေနတ်ကျည်ဆံကို ထုတ်ပစ်ခဲ့ရတဲ့အပြင် ဦးနှောက်ယောင်လာတာကိုပါ လျော့ပါးအောင်လုပ်ပေးခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး သူဟာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပေမယ့် အမျိုးသမီး ရပိုင်ခွင့်အတွက် ဆက်လက်လှုပ်ရှားနေပြီး ဇူလိုင်လတုန်းက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့သလို ဒီသီတင်းပါတ်အစောပိုင်းမှာလည်း သူအတိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ပါတ်လည်နေ့အဖြစ် ကိုယ်တွေ့မှတ်တမ်းတစောင် ထုတ်ဝေခဲ့ပါတယ်။

Sakharovဆုရခဲ့သူတွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တောင်အာဖရိကတိုက် အသားရောင်ခွဲခြားမှုတိုက်ဖျက်ရေး ခေါင်းဆောင် Nelson Mandela နဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ဆွတ်ခူးရရှိခဲ့ပါတယ်။
XS
SM
MD
LG