ပါကစ္စတန်က တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်မိန်းကလေး Malala Yousafzai ရဲ့ အသက် ၁၆ နှစ်ပြည့် မွေးနေ့ကို မွေးနေ့ ပါတီ မကျင်းပဘဲ ကလေးအားလုံး အထူးသဖြင့် မိန်းကလေးငယ်တွေ အားလုံး ၂၀၁၅ ခုနှစ်မှာ ပညာသင်ကြားခွင့်ရရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဦးဆောင်လှုပ်ရှားမှုမှာ သူမအနေနဲ့ ပူးပေါင်းပါဝင်သွားမယ့်အကြောင်း ကတိပြုရင်း မွေးနေ့ကိုဆင်နွှဲသွားပါတယ်။
Malala Yousafzai ဟာ လွန်ခဲ့တဲ့ ၉ လက ကျောင်းကနေ အိမ်ကိုအပြန် လမ်းမှာ တာလီဘန် သေနတ်သမားတွေရဲ့ပစ်ခတ်မှုနဲ့ ခေါင်းမှာ ဒဏ်ရာ ရခဲ့သူဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင်ရရေး လှုပ်ရှားတောင်းဆိုခဲ့တဲ့အတွက် တာလီဘန်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရတာပါ။
မာလာလာရဲ့မွေးနေ့ဖြစ်တဲ့ မနေ့က သောကြာနေ့ကို “မာလာလာနေ့” အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြေညာခဲ့သလို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပုံမှန်အားဖြင့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအတွက် သီးသန့်ထားတဲ့ထိုင်ခုံမှာ Malala Yousafzai က ထိုင်ခဲ့ပါတယ်။ ခုလို မာလာလာနေ့ သတ်မှတ်မှုဟာ သူ့တယောက်တည်းကို ဂုဏ်ပြုတာ မဟုတ်ဘဲ ကိုယ့်ရဲ့အခွင့်အရေးကို ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသမီးတိုင်း၊ မိန်းကလေးငယ် ယောက်ျားငယ်တွေတိုင်း ကို ဂုဏ်ပြုတာဖြစ်တယ်လို့ မာလာလာက ပြောသွားပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လူငယ်ခေါင်းဆောင်တွေကို မာလာလာက မိန့်ခွန်းပြောခဲ့တာပါ။ ပညာရေးသာလျင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ တခုတည်းသော အရာဖြစ်တယ်လို့ ဆိုပြီး စာအုပ်တအုပ်နဲ့ ခဲတံတချောင်းကနေ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်နိုင်တယ်လို့ မာလာလာက ပြောသွားခဲ့ပါတယ်။