သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် ခရီးသည်များ မှားယွင်းလုပ်ဆောင်မှုမရှိ


ပြီးခဲ့တဲ့လအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား ခရီးသည်တင် လေယာဉ်
ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည် ၂၂၇ ယောက်စလုံးမှာ မသင်္ကာစရာ တစုံတရာ မတွေ့ရဘူးလို့ မလေးရှား ရဲအရာရှိချုပ်က ပြောဆိုပါတယ်။ ဒါပေမဲ့ ပိုင်းလော့တွေနဲ့ ကျန်တဲ့လေယာဉ် ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ အချက်လက်တွေကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၅ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ဆီကို ထွက်ခွာသွားပြီး လမ်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ နဲ့ပတ်သက်ပြီး အဖြစ်မှန် သိရှိနိုင်ဖို့အတွက် အချိန်ယူ လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံရဲ့ ရဲအရာရှိချုပ် Khalid Abu Bakar က ပြောဆိုပါတယ်။

ဘိုးရင်း ၇၇၇ လေယာဉ် ပျောက်ဆုံးသွားခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံ မသိရသေးသ၍ စုံစမ်းမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ အိန္ဒိယသမုဒ္ဒယာ တောင်ပိုင်းမှာ လေယာဉ်ပျက်ရဲ့ အစအနတွေ တွေ့နိုင်ဖို့အတွက် နိုင်ငံတကာက ကူညီရှာဖွေပေးနေမှုနဲ့ မလေးရှားရဲတပ်ဖွဲ့က ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နေပေမဲ့ အခုအချိန်ထိတော့ ဘာမှ ထူးထူးခြားခြား ဖော်ထုတ်နိုင်တာမျိုး မရှိသေးပါဘူး။

အခုသီတင်းပတ်နှောင်းပိုင်း ဟာဝိုင်ယီမှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါ ဒီမလေးရှားလေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ပြောဆိုပါတယ်။
XS
SM
MD
LG