မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ကြီးဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကောင်းကင်ယံမှာ ကြာသာပတေးနေ့က ပေါက်ကွဲပြီး ပျက်ကျ သွားတာဖြစ်တယ်၊ ဒါဟာ မတော်တဆဖြစ်ပြီး ပျက်ကျသွားတာမဟုတ်ဖူးလို့ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။
ဒီလေယာဉ်ကြီးဟာ ဒုံးကျည် ထိမှန်သွားခဲ့တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုကြောင်း VOA ရဲ့ ပင်တာဂွန်စစ်ဌာနချုပ် သတင်းထောက် Jeff Seldin ကပြောပါတယ်။ ဒီ ဒုံးကျည်ကို ဘယ်သူကပစ်လွှတ် လိုက်တယ်၊ ယူကရိန်းနယ်နမိတ်ထဲကလား ဒါမှမဟုတ် ရုရှား နယ်နမိတ်ထဲက လားဆိုတာ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ဆိုပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်ကို တင်ဆောင်လာတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ကြီးဟာ Amsterdam ကနေ Kuala Lumpur မြို့ကို ပျံသန်း လာတာဖြစ်ပါတယ်။ လေယာဉ်ကြီးဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့ အနီးမှာ ပျက်ကျခဲ့တာပါ။
မျက်မြင်သက်သေတွေအဆိုအရ လေယာဉ် ကိုယ်ထည်အစိတ်ပိုင်းတွေ ပစ္စည်းအပိုင်းအစတွေကို မီးလောင်ပြင်ကြီး ထဲမှာ တွေ့မြင်နေရ တယ်လို့ ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့လည်းဆိုပါတယ်။
ယူကရိန်းအစိုးရကတော့ လေယာဉ်ကို ခွဲထွက်ရေး သူပုန်တွေက မြေပြင် ကနေ ဝေဟင်ပစ်ခတ်တဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ စွတ်စွဲထားပါတယ်။ သူပုန်တွေကလည်း ခရီးသည်တင်လေယာဉ်ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချလိုက်တာလို့ ပြောနေပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီးကတော့ ဒီလက်ယာဉ်ပျက်ကျမှုမှာ ရုရှားစစ်တပ်က ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အထောက်ထားကို သောကြာနေ့မှာ ကျင်းပမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်ညီလာခံမှာ တင်ပြမယ်လို့ ပြောဆိုပါတယ်။
မလေးရှား လေယာဉ် ဒုံးကျည်နဲ့ ပစ်ချခံရ
