မလေးရှား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim အပေါ် လိင်တူဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ထားတာကို မလေးရှားနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက အတည်ပြုလိုက်ပါတယ်။ နိုင်ငံရေးဘဝကို ဖျက်ဆီးဖို့ ရည်ရွယ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မြင်နေကြတဲ့ အမှုအတွက် နောက်ဆုံးအယူခံကို တရားရုံးချုပ်က ပယ်ချလိုက်တာပါ။
အတိုက်အခံ ခေါင်းဆောင်ဟာ ၂၀၀၈ ခုနှစ်မှာတုန်းက သူ့ရဲ့လက်ထောက် လူငယ်အမျိုးသားတဦးနဲ့ လိင်တူဆက်ဆံခဲ့ကြောင်း အထောက်အထားတွေ အခိုင်အလုံ တွေ့ရတယ်လို့ ပြည်ထောင်စုတရားရုံး တရားသူကြီးအဖွဲ့တဖွဲ့က ဒီကနေ့ ဆုံးဖြတ်ချက် ချပြီးနောက်မှာတော့ အသက် ၆၇ နှစ်အရွယ် Anwar ဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ မိသားစုကို ပွေ့ဖက်နှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။
Allah ဘုရားသခင်ဟာ သက်သေဖြစ်တယ်၊ သူ့အနေနဲ့လည်း နှုတ်ဆိတ်နေမှာ မဟုတ်သလို၊ အရှုံးပေးမှာလည်း မဟုတ်ဘူးလို့ တရားရုံး ဆုံးဖြတ်ချက် အပြီးမှာပဲ Twitter စာမျက်နှာမှာ Anwar က ပြောဆိုခဲ့တာပါ။ ဒီအမှုအတွက် အပြစ်မရှိကြောင်း ၂၀၁၂ ခုနှစ်က ဆုံးဖြတ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ အယူခံတရားရုံးတခုက ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တဲ့အတွက်လည်း အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပြည်ထောင်စုတရားရုံးကလည်း ထောင်ဒဏ် ၅ နှစ် စီရင်ချက်ကို ဒီကနေ့မှာ ထပ်မံ အတည်ပြုလိုက်တာပါ။ ဒုတိယဝန်ကြီးချုပ်ဟောင်း တဦးလည်းဖြစ် အစိုးရရဲ့ အကြီးမားဆုံး ပြိုင်ဘက် တဦးလည်းဖြစ်တဲ့ သူ့အတွက်တော့ တရားရုံးဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးမှာ ပါဝင်ခွင့် တားမြစ်ခံရမှာ ဖြစ်တာကြောင့်၊ နိုင်ငံရေးဘ၀ အဆုံးသတ်သွား နိုင်ပါတယ်။
မလေးရှားနိုင်ငံက ၃ ပါတီ ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင် တဦးအဖြစ်နဲ့လည်း ၁၉၅၇ ခုနှစ်ကတည်းက တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ အာဏာရ Barisan Nasional ညွန့်ပေါင်း အစိုးရအတွက် နိုင်ငံရေးအရ အဓိက စိန်ခေါ်နေသူ တဦးလည်း ဖြစ်ပါတယ်။