သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗုံးခွဲမှု သံသယရှိသူ မလေးရှားမှာ ဖမ်း


ဗုံးခွဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ လေးမျက်နှာ ဟိန္ဒူဗြဟ္မာရုပ်ပွားတော်ကို ပြန်လည်ပြုပြင်နေစဉ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ လေးမျက်နှာ ဟိန္ဒူဗြဟ္မာရုပ်ပွားတော်ကို ပြန်လည်ပြုပြင်နေစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့လက လူသေဆုံးဒဏ်ရာရခဲ့ရတဲ့ဗုံးဖောက်ခွဲမှုနဲ့ ဆက်စပ်ပြီး လူ ၃ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ မလေးရှား အာဏာပိုင်တို့က ပြောလိုက်ပါတယ်။ ဖမ်းဆီးထားသူတွေထဲမှာ ပါကစ္စတန် နိုင်ငံသား တဦး၊ မလေးရှားနိုင်ငံသား အမျိုးသမီး တဦးနဲ့ အမျိုးသား တဦးတို့ ဖြစ်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲKhalid Abu Bakar က ဒီကနေ့ တနလာၤနေ့ ကွာလာလမ်ပူမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးထားသူ ၃ ဦးတို့ကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးဖို့ အစီအစဉ် မရှိဘူးလို့လည်း မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။

လောလောဆယ်မှာတော့ ထိုင်းနိုင်ငံကို ပို့ဖို့မရှိသေးဘူးဆိုတာနဲ့ဘန်ကောက်ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးနေတာမှာ အခု သံသယနဲ့ ဖမ်းဆီးထားသူ ၃ ဦးတို့က အထောက်အကူ ဖြစ်စေမယ်လို့ ယူဆတဲ့အကြောင်းလည်း မလေးရှား အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲမို့ အသေးစိတ်ကိုတော့ မပြောနိုင်သေးတဲ့အကြောင်းလည်း သူက ဆက်ပြီး ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဘန်ကောက်မြို့လယ် ဧရာဝဏ်နတ်ကွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ထိုင်းအစိုးရနဲ့မလေးရှားရဲအရာရှိတွေ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း မစ္စတာ ဘာကာ ကဆိုပါတယ်။ ဘန်ကောက်ဗုံးပေါက်ကွဲမှုတွင်းမှာတော့ တရုတ် ခရီးသွားအများစု အပါအဝင် လူ ၂ဝ ကျော်သေဆုံးပြီး အတော်များများ ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ထိုင်းအစိုးရကလည်း လူ ၃ ယောက်ကို ဖမ်းဆီးထားပြီး ဒီထဲက တဦးကတော့ စောင့်ကြည့်ကင်မရာထဲက ဗွီဒီယိုမှတ်တမ်းမှာ တွေ့ရတဲ့ ဧရာဝဏ်နတ်ကွန်းအနီး ဗုံးမကွဲခင်လေးမှာ ထွက်ခွာသွားသူကို ဗုံးပါတဲ့ အိတ်လွှဲပြောင်းပေးခဲ့ပါတယ်လို့ ဝန်ခံထားတဲ့အကြောင်း ထိုင်းစုံစမ်းစစ်ဆေးရေးမှူးတို့က ပြောထားပါတယ်။

XS
SM
MD
LG