သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြန်မာ ၂၀ ကျော် အသတ်ခံရမှု သံသယရှိသူ ၉ ဦးကို စွဲချက်တင်


မလေးရှာနိုင်ငံ ပီနန်မှာ ရက်ရက်စက်စက် အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူတွေထဲက မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်လိုက်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

မလေးရှားရောက် မြန်မာတွေကတော့ စွပ်စွဲခံရသူတွေထဲက မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၂၀ ထက်မနည်း အသတ်ခံရတာပါ။ ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို အသတ်ခံရသူတွေရဲ့ မိသားစုတွေက တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာကြောင့် မလေးအာဏာပိုင်တွေက ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးရာကနေ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေဖြစ်လာပြီး အခုအခါမှာတော့ မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်ခဲ့တာလို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တဦးကတော့ -

“ဟုတ်တယ်ဗျ။ အသတ်ခံရတဲ့သူတွေက မြန်မာနိုင်ငံသားတွေပဲ။ သေတဲ့သူကလည်း မြန်မာနိုင်ငံသား၊ သတ်တဲ့သူကလည်း မြန်မာနိုင်ငံသား။”

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းတွေဖြစ်အပြီးမှာ မလေးရှားနိုင်ငံမှာလည်း မြန်မာတွေ အသတ်ခံရမှုတွေ ကြုံရတာပါ။ ဒါပေမဲ့လည်း မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက သံအရာရှိတွေကတော့ မြန်မာတွေ အသတ်ခံရမှုဟာ မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ် တခုထဲကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ မလေးရှားမှာ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရမှုတွေက ၂၀၁၄ ခုနှစ်အတွင်းမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့တာပါ။ မလေးအာဏာပိုင်တွေက သံသယရှိသူတွေကို ဖမ်းဆီးပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုတွေ လုပ်လာပြီးတဲ့နောက်မှာတော့ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့သတင်းတွေ သိပ်မကြားရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေကတော့ လုံခြုံမှုမရှိသေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်မြန်မာအစိုးရက မြန်မာအလုပ်သမားတွေကို ထိရောက်တဲ့ကာကွယ်မှုမျိုး ပေးနိုင်ရင်တော့ တမျိုးပေါ့။ ထိရောက်တဲ့ကာကွယ်မှုမျိုး ပေးနိုင်ရင် ကိုယ့်နိုင်ငံသားတွေကို ဟုတ်လား ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်မှုပေးနိုင်ရင် ကျနော်တို့က တမျိုး အဖြေရှိတာပေါ့။ အခုဟာ ကျနော်တို့မှာ မလေးရှားမှာနေရတာ အမြဲတမ်း မြန်မာအလုပ်သမားတွေအတွက် ဘာဥပဒေမှ မရှိဘူး။ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပြီးနေရတာ။”

မလေးရှားသတင်းစာတွေမှာတော့ တရားခံတွေအဖြစ် စွဲချက်တင်ခံထားရသူ မြန်မာနိုင်ငံသား ၉ ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။ သူတို့ကတော့ ဘိုင်လေးမိုဟာမက်ဂူလမ်၊ မိုဟာမက်ရဖစ်၊ ဟာဘီဘူလာ၊ ရာစင်၊ စိုးမောင်မောင်၊ အလီ တို့ဖြစ်ပြီး သူတို့ထဲက အများစုဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါတယ်။ အဲဒီ ၉ ဦးထဲက ၃ ဦးဟာ လူသတ်မှုတွေကို ၂ ကြိမ် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ နောက်ထပ် စွဲချက်တင်ခံရမှုတွေလည်း ရှိတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

မလေးရှားသတင်းစာတွေမှာတော့ ၂၀၁၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ လူသတ်မှု ၅၀ ကျော်ထဲက မြန်မာနိုင်ငံသား အသတ်ခံရမှု ၁၈ မှုရှိပြီး ရက်ရက်စက်စက် ဦးခေါင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပိုင်းဖြတ်သတ်ခံရမှုတွေကြောင့် ဘယ်နိုင်ငံသားမှန်းမသိတဲ့ လူ ၁၁ ဦးရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံသားတွေကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံရသူတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံအရာရှိတဦးကတော့ အခြေအနေတွေ မသိရကြောင်း ပြောဆိုခဲ့ပါတယ်။

သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာလည်း အထောက်အထားမဲ့တွေ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်ကြောင်း မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက ပြောလေ့ရှိတာပါ။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီနေထိုင်နေပြီး တရားဝင်ကော တရားမဝင် အလုပ်လုပ်နေသူတွေပါ ရှိတာပါ။ တရားမဝင် ဖြစ်နေသူတွေဟာ နိုင်ငံကူးလက်မှတ်ရှိပြီး ပါမစ်မရှိတာကြောင့် တရားမဝင် နေထိုင်သူတွေ ဖြစ်လာရတယ်လို့လည်း ပြောဆိုကြပါတယ်။

XS
SM
MD
LG