သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆို


ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆို
ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆို

မလေးရှားနိုင်ငံကို တရားမဝင် လာရောက်သူတွေကို ကြိမ်ဒဏ်ပေး ဒဏ်ခတ်မှုတွေဟာ ညှဉ်းပန်းနှိပ်စက်မှု တမျိုး ဖြစ်တာကြောင့် ဒါကို ချက်ချင်း အဆုံးသတ်ပေးဖို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဒီနေ့ A Blow to Humanity လူမဆန်တဲ့ လုပ်ရပ်ဆိုတဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီလို ကြိမ်ဒဏ်ခံရသူတွေထဲမှာ မြန်မာတွေလည်း အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ ကြိမ်ဒဏ်ခံရပြီးနောက်ပိုင်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင် ခံစားရသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် လာရောက်သူတွေအတွက် ကြိမ်ဒဏ်ပြစ်ဒဏ် သတ်မှတ်ထားပြီး ဒီလို ပြစ်ဒဏ်ချမှတ်တာဟာ နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်မှု အဖြစ်နဲ့ သတ်မှတ်ထားတဲ့ စံနှုန်းထဲကို ဝင်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ မလေးရှား တာဝန်ခံ လန့်စ် လက်တစ်က အခုလိုပြောပါတယ်။

“မလေးရှားမှာ ကြိမ်ဒဏ် အရိုက်ခံရတဲ့ လူ ၅၀ ကျော်ကို လူတွေ့မေးမြန်းပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတကာ သတ်မှတ်ထားတဲ့ ညှဉ်းပန်းနှိပ်စက်မှု စံနှုန်းနဲ့ ကြည့်တဲ့အခါမှာ ဒီလို နှိပ်စက်မှုတွေကို ခံစားရဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်ပေးတာကို တွေ့ရတာမို့ ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ တောင်းဆို ရတာပါ။”

မလေးရှား အစိုးရဟာ ၂၀၀၂ ခုနှစ်မှာ ကြိမ်ဒဏ် အပြစ်ပေးမှုကို တရားဝင် စတင် ပြဋ္ဌာန်းခဲ့ပြီး သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ကြိမ်ဒဏ်ပြစ်ဒဏ် ပေးခဲ့သလို ကြိမ်ရိုက်သူတွေ ကိုလည်း အထူး လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။

“ကြိမ်ဒဏ် အပြစ်ပေးရတဲ့ ထောင်ဝန်ထမ်းတွေကို အထူးလေ့ကျင့်ပေးထားတာ တွေ့ရပါတယ်။ ဝန်ထမ်း ၁၀၀ မှာ ၅ ယောက်ပဲ ကြိမ်ရိုက်ခွင့်ရပြီး သူတို့ဟာ လူသန်၊ လူထွားကြီးတွေပါ။ သူတို့ဟာ တနာရီ မိုင် ၁၀၀ နှုန်းလောက်ရှိတဲ့ အရှိန်နဲ့ အကျဉ်းသားကို ရိုက်ရပါတယ်။ ဒါကြောင့် ကြိမ်ဒဏ်ခံရသူတွေရဲ့ အသားပေါ်တင် မကဘူး၊ အတွင်းက ကြွက်သားတွေ၊ အဆီပြင်တွေပါ ထိခိုက်ပြီး အရေပြားပေါ်မှာ အရှိုးရာတွေ ထင်စေပါတယ်။ အများစုဟာ မေ့မျောသွားကြသလို ဆီးတွေ၊ ဝမ်းတွေပါ မထိန်းနိုင် ဖြစ်သွားပါတယ်။ ကြိမ်ဒဏ်ပေးပြီးတဲ့ အခါမှာလည်း အပေါ်ယံ ဆေးထည့်ပေးရုံကလွဲပြီး ဆေးဝါးကုသမှု ပေးတာမျိုး မရှိပါဘူး။”

ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့ အကျဉ်းထောင် ဝန်ထမ်းတွေကို မလေးရှား အစိုးရက အရေးယူတာမျိုး မလုပ်တဲ့အပြင် ကြိမ်ဒဏ်ရိုက်ချက် တခုစီအတွက် အပိုဆုကြေး ပေးတာမို့ ရိုးရိုး ထောင်ဝန်ထမ်းထက် သူတို့ဟာ ဝင်ငွေ ၂ ဆလောက် ရကြတယ်လို့လည်း ပြောပါတယ်။ ဒီလို ကြိမ်ဒဏ် အပြစ်ပေးမှုအတွက် ခွင့်ပြု ကြီးကြပ်ရသူ ဆရာဝန်တွေဟာလည်း ဆရာဝန်ကျင့်ဝတ်နဲ့ မညီတဲ့အတွက် ဒီတာဝန်တွေကို ငြင်းပယ်ဖို့ သင့်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၅ ခု နှစ်ကုန်ပိုင်းမှာ မလေးရှားနိုင်ငံကို ရောက်လာသူ မြန်မာတဦးကတော့ ဒီလို တရားမဝင် လာရောက်ရင် ကြိမ်ဒဏ် အပြစ်ပေးလေ့ရှိတယ် ဆိုတာကို အရင်က မသိခဲ့ဘဲ တရားရုံးရောက်မှ သိခဲ့ရကြောင်းနဲ့ သူအပြစ်ပေးခံရပုံကို အခုလို ပြောပြပါတယ်။

“အဲဒီမှာ ကျနော့်ကို ဘယ်လိုရိုက်လဲဆိုတော့ အရာရှိ တွမ်တယောက် ရှိပါတယ်။ တွမ်ရှေ့မှာ ကျနော့်ကို ပြန်ပြီး လက်မှတ်တခါ ထပ်ထိုးရတယ်။ ကျနော့်ကို စိတ်ငြိမ်ငြိမ်ထားခိုင်းတယ်။ အပြစ်ရှိတဲ့အတွက် ကြိမ်ဒဏ်ရိုက်မယ် ဆိုတဲ့အကြောင်း ကျနော့်ကို ရှင်းပြတယ်။ ကျနော့်ကို ခပ်၀၀ လူကောင်ကြီး အကြီးကြီးတွေ ၂ ယောက်က တယောက်တဘက်စီ လက်မောင်းက ဆွဲပြီးတော့ ယေရှုခရစ်တိုင်လို ဟာမျိုးကြီး၊ တိုင်ကြီးနဲ့ ကပ်ပြီးတော့ တင်ပါးနဲ့ခါးကို စည်းပြီးတော့ ထားထားပါတယ်။

“ပြီးတော့ ရိုက်ဖို့အတွက် အဆင်ပြေအောင် ကျနော့်ဘေးနားမှာ ၂ ယောက်ရှိတယ်။ ၂ ယောက်မှာ တယောက်ကတော့ ကြိမ်လုံးကို ကိုင်ထားတယ်။ ကိုင်ထားတဲ့အခါမှာ ကြိမ်လုံးကတော့ ရိုက်ဖို့အတွက် ဟန်ရေးပြ ပြင်နေတာပေါ့။ ကိုယ်ကတော့ မကြည့်ရဲဘူး၊ ကြောက်တယ်လေ။ ရိုက်မယ်၊ စရိုက်ဆိုတဲ့အခါမှာ ကျနော့်ကို စရိုက်တယ်။ နံပါတ်တစ် စရိုက်တယ်၊ တခါဆွဲလိုက်တယ်။ နောက်တခါ ထပ်ရိုက်တယ်၊ နောက်တခါ ထပ်ဆွဲလိုက်တယ်။ တင်ပါးမှာရိုက်တဲ့ကြိမ်ဒဏ် ၂ ခုက မထပ်ဘူးပေါ့။ အရာ ၂ ခုက မထပ်ဘူး။ တခုစီ တခုစီ ဖြစ်သွားတယ်။

“ပြီးသွားတော့ ကျနော့်ကို အဆောင် ပြန်ခေါ်သွားတယ်။ အဆောင်ခေါ်သွားပြီး ဆေးသွားထည့်ရတယ်။ အဲဒီအချိန်မှာ ကျနော့်ရဲ့ ခံစားမှုက အရမ်း ပင်ပန်းတာပေါ့။ လူက ခေါင်းတောင် မူးသွားတယ်ပေါ့။ Pressure တွေဘာတွေ ထိုးကျပြီးတော့ ထတောင် မထနိုင်တော့ဘူး၊ ချိကုန်သလို ဖြစ်သွားတယ်။”

အခုလို ခံစားခဲ့ရသလို နောက်ပိုင်းမှာလည်း လူရော စိတ်ပါ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေတယ် လို့လည်း ပြောပါတယ်။

“ကျန်းမာရေးကတော့ မကောင်းဘူးခင်ဗျ။ ခါးတွေ နာတာပေါ့။ အလေးအပင်မတဲ့ အခါကြရင် ပိုသိသာတယ်။ ကြိမ်ရိုက်တဲ့ဒဏ်ကြောင့် ခါးအောက်ပိုင်းတွေ မိုးအေးတဲ့အခါ အရမ်းနာတယ်၊ ကိုက်ခဲတယ်ပေါ့။ တချို့ လူတွေဆိုရင် ရိုက်ပြီးပြီးချင်းမှာကို မေ့သွားတဲ့သူတွေ ရှိပါတယ်။ သတိမရတော့ဘူး။ နာရီဝက်လောက်ကြာမှ သတိပြန်ရလာတာပေါ့၊ မခံနိုင်တော့။ ဒီကြိမ်လုံးကြီးကို မြင်တဲ့အချိန်မှာကိုက ကြောက်စိတ်တွေက အရမ်း ထနေတာ။ အဲဒါမျိုးတွေ ဖြစ်တာပေါ့။”

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR ရုံးက ရိုဟင်ဂျာနဲ့ ချင်းအမျိုးသား အများစု အပါအဝင် မြန်မာဒုက္ခသည် ၃၀၀,၀၀၀ ရှိနေတယ်လို့ စက်တင်ဘာလထဲမှာ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်များဆိုင်ရာ အဖွဲ့ တာဝန်ခံ ကိုသူရအောင်ကတော့ ဒီ အသိအမှတ်ပြု ခံရတဲ့ ၃၀၀,၀၀၀ အပြင် နောက်ထပ် တရားမဝင် နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ၃၀၀,၀၀၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။ တရားမဝင် လာရောက်သူတွေကို ကြိမ်ဒဏ်နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုတွေ မလေးရှားနိုင်ငံမှာသာမက စင်ကာပူနိုင်ငံမှာလည်း တွေ့ရပါတယ်။

XS
SM
MD
LG