သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံအနီး ကုန်တင်သင်္ဘောနစ်မြှုပ် မြန်မာလေးဦးပျောက်ဆုံးနေ


Tung Sung ကုန်တင်သင်္ဘောနစ်မြှပ်ခဲ့တဲ့ Pulau Burung ကျွန်း
Tung Sung ကုန်တင်သင်္ဘောနစ်မြှပ်ခဲ့တဲ့ Pulau Burung ကျွန်း
မလေးရှားနိုင်ငံ၊ Pulau Burung ငှက်ကျွန်းအနီးမှာ ပြီးခဲ့တဲ့သီတင်းပတ်က နစ်မြှုပ်ခဲ့တဲ့ Tung Sung ကုန်တင်သင်္ဘောနဲ့အတူ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို မလေးအာဏာပိုင်တွေက အပူတပြင်း ရှာဖွေ ကယ်ဆယ်နေတာမှာ အလောင်း ၄ လောင်းကို ဆယ်ယူရရှိထားပြီလို့ မလေးရှား ရေကြောင်း ညထိန်းသိမ်းရေး အေဂျင်စီ MMEA က သတင်းထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေထဲမှာ မြန်မာ ၄ ဦး ပါဝင်ပေမဲ့ အခုပြန်တွေ့တဲ့ အလောင်းတွေကတော့ ဘယ်သူဘယ်ဝါတွေဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ Kuching မြို့နဲ့ Sebuyau မြို့ကြား မလေးရှားရေပိုင်နက်ထဲမှာ ကူးချင်းမြို့ကနေ ထွက်လာ တဲ့ MV Tung Sung ကုန်တင် သင်္ဘောဟာ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲကျော်ခန့်က နစ်မြှုပ်ခဲ့တာပါ။ မြန်မာ ၄ ဦး အပါအဝင် ပျောက်ဆုံးနေသူ ၉ ဦးရှိတယ်လို့ အစောပိုင်းကထုတ်ပြန်ထားပေမဲ့ နောက်ပိုင်းမှာ တော့ မလေးရှားနိုင်ငံသားတဦးက လိုက်ပါမသွားခဲ့တာကြောင့် ၈ ဦးပဲပျောက်ဆုံးနေတာလို့ ကုမ္ပဏီက ပြောပါတယ်။ ဒီအထဲက ၄ ဦးရဲ့ အလောင်းတွေကို ငှက်ကျွန်းနဲ့ ရေမိုင် ၁၄ မိုင်အကွာ ပင်လယ်ပြင်မှာ ရှာဖွေတွေ့ခဲ့တဲ့အကြောင်း မလေးရှားရေကြောင်းထိန်းသိမ်းရေး အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

ပျောက်ဆုံးသင်္ဘောသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ Myanmar Seaman Life At Sea အဖွဲ့ တည်ထောင်သူ ကိုမျိုးကျော်အောင် ကတော့ အခုလို ပြောပြပါတယ်။

"ပျောက်ဆုံးသွားတာကတော့ အရင်က ၉ ယောက်လို့ထုတ်ပြန်ထားတယ်။ အဲဒီ ၉ ယောက်မှာ မလေးရှား နိုင်ငံသားတဦး လိုက်ပါသွားတာမရှိတဲ့အကြောင်း ကုမ္ပဏီက တရားဝင်ကြေငြာထားတယ်။ ပျောက်ဆုံးသူ က ၈ ယောက်ပေါ့။ အဲဒီ ၈ ယောက်ထဲမှာ Dead Body က ၄ ဦး ပေါ့နော်။ မလေးရှားရေကြောင်း အာဏာ ပိုင်တွေကတော့ ပျောက်ဆုံးနေတဲ့ ၄ ဦး နဲ့ Dead Body ၄ ဦးက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ မထုတ် ပြန်ထားဘူး။ ပျောက်ဆုံးနေတဲ့ နောက်ထပ် ၄ ဦး ကတော့ သင်္ဘောထဲမှာရှိမလားဆိုပြီး ထင်မြင်ချက်နဲ့ တူးဖော်ပြီး ပြန်လှန်ဖို့ကြိုးစားနေတယ်ပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံသား ၄ ဦးရဲ့ မိသားစုတွေထဲက ဆံပင်တွေယူပြီး Dead Body က DNA စစ်ဆေးမယ်လို့လည်း ပြောထားပါတယ်။ သူတို့တာဝန်ယူမယ် လို့လည်း ပြောထားပါတယ်။"

အခုတွေ့ရတဲ့ အလောင်း ၄ လောင်းက ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ဖို့ မိသားစု ဝင်တွေရဲ့ DNA ယူပြီး ဆက်လက် စစ်ဆေးနေတဲ့ အကြောင်း မလေးရှားရေကြောင်းထိန်းသိမ်းရေး အေဂျင်စီညွှန်ကြားရေးမှူး Zin Azman Md Yunus က ပြောကြားခဲ့ပါတယ်။ ကျန်တဲ့သင်္ဘောသားတွေနဲ့ ပတ်သက်လို့လည်း မှောက်ခုံဖြစ်နေတဲ့ ကုန်တင်သင်္ဘော ဝမ်းဗိုက်ထဲမှာပိတ်မိသွားတဲ့အတွက် ရှာဖွေလို့ မတွေ့သေးတာဖြစ်နိုင်တယ်လို့လည်းသူကပြောပါတယ်။

ပင်လယ်ပြင်မှာရာသီဥတုဆိုးဝါးနေပေမဲ့ ကျန်ရှိနေတဲ့သင်္ဘောသားတွေရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။ သေဆုံးသွားသူတွေဟာ အသက်ကယ်ဆယ်ရေး Lift jacket တွေ ဝတ်ဆင်ထားခြင်း မရှိတာကိုလည်းတွေ့ရကြောင်းရေးကြောင်းထိန်းသိမ်းရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသင်္ဘောမှာ လိုက်ပါခဲ့တဲ့ မြန်မာသင်္ဘောသား ၄ ဦး ဟာ ဒီသင်္ဘောပေါ်မှာ အလုပ်လုပ်ဖို့အတွက် အမေရိ ကန်ဒေါ်လာ ၂,၀၀၀ ပေးခဲ့ရပြီး သူတို့ကို ပို့ဆောင်ပေးတဲ့ ကုမ္ပဏီ ကတော့ Global Max Aisa (GMA) SRPS ကုမ္ပဏီ ဖြစ်ပါတယ်။ အခုလိုမျိုးသင်္ဘောမှောက်သွားတဲ့အတွက် သူတို့ရသင့်တဲ့ နစ်နာကြေး ရဖို့မိသားစုနဲ့ ဆက်သွယ်ပြီးကြိုးစားဆောင်ရွက်နေတယ်လို့လည်း ကိုမျိုးကျော်အောင်က ပြောပြပါတယ်။

"အရင်တုန်းကလည်း သင်္ဘောတွေနစ်ဖူးတယ်ပေါ့နော်။ ကိုရီးယားရေပိုင်နက်ထဲမှာ သင်္ဘောတွေ နစ်ဖူးတယ်။ တော်ရုံတန်ရုံနဲ့ ပြီးသွားတယ်။ ရသင့်ရထိုက်တဲ့ လျော်ကြေးတွေ မရဘူးပေါ့နော်။ ကျနော်ကတော့ Myanmar Seaman Life At Sea တည်ထောင်သူ အနေနဲ့ Knowledge sharing လုပ်ပေးတယ်။ ကျနော်တို့က သင်္ဘောသားတွေ တခုခုဖြစ်တဲ့အခါ လျော်ကြေးငွေရအောင် Public မှာ Announce လုပ်ပေးတယ်ပေါ့နော်။"

သင်္ဘောသား ၈ ဦး ပါဝင်တဲ့ MV Tung Sung ဟာ Kuching ကနေ Sarikei ဆီသွားနေတုန်း ရာသီဥတု ဆိုးဝါးပြီး လမ်းမှာသင်္ဘောတိမ်းမှောက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ မြန်မာ ၄ ဦးကတော့ အသက် ၂၀ ကျော်လူငယ်တွေဖြစ်ပြီး မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့ကနေ ပြည်ပထွက် အလုပ်လုပ်နေကြ သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG