သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရွေးကောက်ပွဲ မေလ ၉ ရက်ကျင်းပမည်


မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပမယ်လို့ မလေးရှားရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်အုပ်ချုပ်နေတဲ့ လက်ရှိအာဏာရ BN ညွန့်ပေါင်းပါတီအတွက် အခက်ခဲဆုံး ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

အစိုးရဘဏ္ဍာငွေနဲ့ တည်ထောင်ထားတဲ့ 1MDB လုပ်ငန်းကြီးက ဒေါ်လာသန်းထောင်ချီ အဂတိလိုက်စားမှုတွေအတွင်း ဝန်ကြီးချုပ် Najib Razak ပါဝင်ပါတ်သက်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ အဲဒီလုပ်ငန်းကြီးကနေ နိုင်ငံဖြတ်ကျော် ငွေကြေးအလွဲသုံးစားလုပ်မှု။ ငွေကြေးခဝါချမှုတွေ လုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

ဒါတင်မက တချိန်က သူ့ရဲ့ဆရာဖြစ်ခဲ့ပြီး အခုအဓိကအတိုက်အခံဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad ရဲ့ စိန်ခေါ်မှုကိုလည်း Najib Razak ရင်ဆိုင်ရနိုင်ပါတယ်။ အခု အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ Mahathir Mohamad ဟာ နိုင်ငံရေးလောကနေ အနားယူခဲ့ပြီးမှ 1MDB အရှုပ်တော်ပုံကြီးအပေါ် ဒေါသထွက်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ နိုင်ငံရေးလောကထဲကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့်သူ နာမည်စာရင်းတွေကို April လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မေလ ၉ ရက်နေ့ဟာ ကြားရက်ဖြစ်နေတဲ့အတွက် တချို့ကလည်း မကျေမနပ် ဒေါသထွက်နေကြပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကြားရက်ကျင်းပတာဟာ မဲပေးသူအရေအတွက်နည်းပြီး ဝန်ကြီးချုပ် Najib Razak အတွက်အသာရအောင် တမင်လုပ်တာလို့ မကျေနပ်သူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရမယ့်ရက်ကိုလည်း ၁၁ ရက်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ မလေးရှားလွှတ်တော်ကို ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် Najib က ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ကြေညာခဲ့ပါတယ်။

မလေးရှားရွေးကောက်ပွဲ မေလ ၉ ရက်ကျင်းပမည်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG