သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားအာဏာရပါတီ ရွေးကောက်ပွဲအနိုင်ရ


မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (လယ်) ကွာလာလမ်ပူမြို့ မဲရုံတွေရှိရာ ရောက်ခဲ့စဉ်။ (မေလ ၅ ရက်၊ ၂၀၁၃)။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (လယ်) ကွာလာလမ်ပူမြို့ မဲရုံတွေရှိရာ ရောက်ခဲ့စဉ်။ (မေလ ၅ ရက်၊ ၂၀၁၃)။
မလေးရှားနိုင်ငံကို နှစ်ပေါင်း ၅၆ နှစ်ကြာအုပ်ချုပ်လာတဲ့ အာဏာရ
ညွှန့်ပေါင်းအစိုးရက တနင်္ဂနွေနေ့ကကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ
ပြန်လည် အနိုင်ရသွားပါတယ်။ အတိုက်အခံတွေဘက်က အကြီးအကျယ် စိန်ခေါ်မှုကို ရင်ဆိုင်ရတဲ့ကြားကနေ ခုလို ပြန်လည် အနိုင်ရခဲ့တာဖြစ်ပါတယ်။

မဲရလဒ် ၃ ပုံ ၂ ပုံကို အတည်ပြုပြီးချိန်မှာ လွှတ်တော်အမတ်နေရာ ၂၂၂ နေရာအတွက် ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) ရဲ့ National Front ညွန့်ပေါင်းအဖွဲ့က အမတ်နေရာ ၁၁၂ နေရာနိုင်ပြီး အများစု အနိုင်ရတယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ကြေညာပါတယ်။

အတိုက်အခံခေါင်းဆောင် အန်နဝါအီဘရာဟင် (Anwar Ibrahim) ရဲ့ ၃ ပါတီ မဟာမိတ်အဖွဲ့က အမတ်နေရာ ၅၇ ရာ ရထားပါတယ်။ မလေးရှားနိုင်ငံမှာ အချမ်းသာဆုံး ဒေသတခုဖြစ်တဲ့ Penang ပြည်နယ်နဲ့ အကြီးဆုံး Kuala Lumpur မြို့တို့မှာတော့ အတိုက်အခံတွေဘက်က ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ မသမာတဲ့ရွေးကောက်ပွဲဖြစ်တယ်၊ ရွေးကောက်ပွဲကော်မရှင် ဘက်က တာဝန်ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ အန်နဝါအီဘရာဟင် စွပ်စွဲလိုက်ပါတယ်။ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကော်မရှင်က မဖြေရှင်းသရွေ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ မစ္စတာအန်နဝါက Twitterလူမှုကွန်ယက်ပေါ်မှာလည်း ရေးသားခဲ့ပါတယ်။

အာဏာရညွန့်ပေါင်းအဖွဲ့ဟာ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်နေတယ်၊
လူမျိုးရေးခွဲခြားမှုတွေ လုပ်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေကြောင့်
အတိုက်အခံ မဟာမိတ်အဖွဲ့တွေ့ရဲ့ စိန်ခေါ်မှုကို ဒီတခါရွေးကောက်ပွဲမှာ
အဆိုးဆုံးခံခဲ့ရပါတယ်။ မဲပေးပြီးသူတွေရဲ့လက်မှာ သုတ်ပေးလိုက်တဲ့မှင်တွေ
အလွယ်တကူဖျက်လို့ရတာ၊ နိုင်ငံခြားသားတွေကိုလည်း မဲပေးနိုင်အောင်
မဲရုံတွေထဲပေးဝင်တာ စတဲ့ မဲမသာမာမှုတွေရှိတယ် ဆိုတဲ့ သတင်းတွေလည်း
ထွက်ပေါ်နေပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ မဲပေးသူ ၁၀ သန်းကျော်ရှိခဲ့တဲ့ အတွက် ရွေးကောက်ပွဲ မဲပေးကြသူဟာ စံချိန်တင်အောင် ၈၀ ရာခိုင်နှုန်းလောက်ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှတို့လက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၇ ခုနှစ်ကတည်းက မလေးရှား ရွေးကောက်ပွဲတွေမှာ National Front ညွန့်ပေါင်းအဖွဲ့က ၁၃ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG