သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် ၁၂ နိုင်ငံ ပူးပေါင်းရှာဖွေ


လူပေါင်း ၂၃၉ ယောက်ပါ ပျောက်ဆုံးနေတဲ့ မလေးရှားခရီးသည်တင်
လေယာဉ်နဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေက အမျိုးမျိုး ပြောဆိုနေတယ်လို့ စွပ်စွဲထားတဲ့အပေါ်မှာ မလေးရှား အစိုးရတာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။ အခုဆိုရင် ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေနေတာ ၅ ရက်မြောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

မလေးရှားအစိုးရဟာ တခါမှ မကြုံခဲ့ရဖူးတဲ့ အခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းနေရတာဖြစ်တယ်လို့ ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား လေကြောင်းပိုင် Boeing 777 ကို ပြန်လည် ရှာတွေ့ဖို့ ဘယ်ပဲလုပ်ရလုပ်ရ လုပ်သွားမှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေ ဝန်ကြီး Hishammuddin Hussein က ပြောပါတယ်။

ရေမိုင် ၂ သောင်း ၇ ထောင်ကျော်ပတ်လည် ကျယ်ဝန်းတဲ့ နေရာမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက သင်္ဘော ၄၂ စင်း၊ လေယာဉ် ၃၉ စင်း ပါဝင်ပြီး ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေနေတာမှာ ခုချိန်ထိတော့ သဲလွန်စ တစုံတရာ မတွေ့ရသေးတဲ့ အကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲတွင်း သယ်ယူပို့ဆောင်ရေ ဝန်ကြီး က ပြောသွားတာပါ။

လေယာဉ် ဘယ်ရောက်နေတယ် ဆိုတာကို လေကြောင်း ထိန်းသိမ်းရေးဌာနက နောက်ဆုံး သိခဲ့ရတဲ့ တောင်တရုတ်ပင်လယ် နဲ့ မလေးရှားကျွန်းဆွယ် တဘက်ကမ်း မိုင် ရာချီဝေးတဲ့ Malacca ရေလက်ကြား တို့မှာ လေယာဉ်ကို အဓိက ရှာဖွေနေကြတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ ကမ္ဘာပေါ်က ရေကြောင်းသွားလာမှု အရှုပ်ထွေးဆုံးဖြစ်တဲ့ Malacca ရေလက်ကြားမှာ လေယာဉ်ကို နောက်ဆုံး ရေဒါထဲမှာ တွေ့ခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုကို မလေးရှားစစ်တပ်က ဖြစ်နိုင်ဖွယ် သိပ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG