မလေးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေနဲ့ သက်ဆိုင်တဲ့ ငွေကြေးခဝါချမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်လို့ FBI အမေရိကန်ဗဟိုအစိုးရ ထောက်လှမ်းရေးဌာနက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒီအမှုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး The Wall Street Journal မှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ အရေးပါတဲ့ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ - အစိုးရပိုင် 1MDB – 1 Malaysia Development Berhad ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေထဲကနေ ဝန်ကြီးချုပ် Najib Razak ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းပေးခဲ့ကြောင်း မလေးရှား အစိုးရရဲ့ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Najib ရဲ့ ဘဏ်အကောင့်ထဲကို ငွေလွှဲပြောင်းပေးတယ် ဆိုတဲ့ကိစ္စကို စတင် ထုတ်ဖော် ပြောဆိုတဲ့ လက်ရှိ အာဏာရပါတီဝင်ဟောင်းကို ဒီမိုကရေစီ လုပ်ငန်းစဉ် ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီးလိုက်ပြီးတဲ့နောက် အခုလို FBI ရဲ့ စုံစမ်း စစ်ဆေးမှု ဖြစ်ပေါ်လာတာပါ။ ဝန်ကြီးချုပ်ရဲ့ ဘဏ်ထဲ ငွေလွှဲပြောင်းရာမှာ စင်္ကာပူဘဏ်တခုနှင့် အမေရိကန် Wells Fargo ဘဏ်ကတဆင့် ပြုလုပ်ခဲ့တာကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဝန်ကြီးချုပ်ထံ ငွေလွှဲပြောင်းပေးမှုကို စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန် အာဏာပိုင်တွေကို တိုက်တွန်း ပြောဆိုဖို့ နယူးယောက်မြို့ကို မထွက်ခွာမီ မလေးရှားမှာ Khairuddin Abu Hassan အဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ Matthias Chang က ပြောပါတယ်။
FBI က ပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုဟာ ဘယ်လောက် ကြီးမားတယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း အဲဒီရန်ပုံငွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အထဲက နောက်ဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
1MDB ရင်းနှီးမြှုပ်နံှမှု ရန်ပုံငွေကိုတော့ တိုင်းပြည်စီးပွား တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။