သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားလုပ်သားသစ် ခေါ်ယူရေး မလေးရှား ဆိုင်းငံ့


မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား (ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား (ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)

မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူတာတွေ ဆိုင်းငံ့ထားမယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်က သောကြာနေ့မှာ ပြောလိုက်တာကြောင့် မြန်မာနိုင်ငံကနေ မလေးရှားသွားမယ့် မြန်မာအလုပ်သမားတွေအတွက် မရေမရာ အခြေအနေ ဖြစ်လာပါတယ်။

လက်ရှိမှာ ဗီဇာကျထားပြီးသား အလုပ်သမားတွေကတော့ သွားခွင့်ရမယ်လို့ မြန်မာ အလုပ်သမားဝန်ကြီး ဌာန တာဝန်ရှိသူတဦးက မျှော်လင့်ထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုင်ငံခြားသားအလုပ်သမားတွေ ခေါ်ယူတာနဲ့ပတ်သက်ပြီး မလေးရှား ဒုတိယဝန်ကြီးချုပ်ရဲ့ ပြောဆိုချက် ထွက်လာပြီးတဲ့နောက် မြန်မာနိုင်ငံကနေ မလေးရှားမှာ အလုပ်လုပ်ဖို့ လစဉ် သွားနေကြတဲ့ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အခက်ကြုံရဖွယ် ရှိလာတာပါ။

ပြည်ပအလုပ်သမားစုဆောင်းရေး အေဂျင်စီ ၉၂ ခုကနေ တာဝန်ယူပြီးလုပ်ပေးနေတဲ့ လက်ရှိမှာ ဗီဇာ ကျထားပြီးသား အလုပ် သမား ၃၀၀၀ ကျော်ကတော့ မလေးရှားကို သွားခွင့်ရမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်လည်းဖြစ်၊ အလုပ်သမားညွန်ကြားမူ ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ ဦးမျိုးအောင်က ပြောပါတယ်။

“ သူ့ဆီကို ဗီဇာထုပြီးသား အလုပ်သမားတွေတော့ ရဦးမယ်ပေါ့နော်၊ လောလောဆယ်တော့ သူတို့လည်း ပွင့်ပွင့်လင်းလင်းပြောရင် ဒီဘက်က အဖွဲ့ကလည်း ဒုတိယ ဝန်ကြီးချုပ်ဆိုတော့ သူတို့လည်း သိပ်မလုပ်ရဲဘူး။ ကျနော်တို့လည်းမေးခိုင်းလိုက်တဲ့အခါတော့ ဗီဇာထုပြီးသား ဝင်ဖို့ပေါ့ သူ့နိုင်ငံကိုလေ၊ ဒီအလုပ်သမားတွေတော့ သူတို့လုပ်မယ်။ ကျန်တဲ့ အလုပ်သမားကိစ္စတွေကိုတော့ သူပြန်ပြီးတော့ အကြောင်းပြန်မယ်လို့ လောလောဆယ် ကျနော်တို့ information က ဒီလိုပဲရသေးတာပေါ့နော်။ အလုပ်သမားတွေ လိုတယ်ဆို ကျနော်တို့နိုင်ငံဆို demand တွေက အရင်ထက်စာရင် အများကြီးဖြစ်နေတာလေ။ demand တွေကလည်း တအား အများကြီးပေးထားတယ်၊ ဒီအပြင် Agency တွေကလည်း အရင်ထက်စာရင်အများကြီးဈေးလျှော့ပြီးတော့မှ ယူပြီးတော့လေ ကျနော်တို့နိုင်ငံကိုခေါ်နေတာပေါ့နော်။ ဒီလို ထွက်လာတဲ့အခါကျတော့ သူတို့မှာ တာဝန်ရှိတဲ့လူတွေလည်း ၊ ကျနော်တို့နဲ့ အဆက်အသွယ်လုပ်နေတဲ့လူတွေမှာ နည်းနည်းတော့ surprise ဖြစ်တာပေါ့နော်။”

ဘင်္ဂလားဒေ့ရှ် ကအလုပ်သမား ၁.၅ သန်း ကို နောက်သုံး နှစ် အတွင်း မှာခေါ်ယူဖို့
မလေးရှား အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ချုပ်ထားတဲ့ MOU စာချုပ်အပေါ် မထိခိုက်စေဘူးလို့ မလေးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံတွေက အလုပ်သမားတွေကတော့ ပြဿနာမရှိနိုင်ပေမဲ့ မြန်မာနိုင်ငံကတော့ အခုထိ မလေးရှားနဲ့ နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးရခြင်း မရှိသေးဘူးလို့ ဦးမျိုးအောင်က ဆိုပါတယ်။

“သူက ကျနော်တို့နဲ့ MOU ထိုးဖို့ဟာက ကျနော်တို့က Agree ပေးပြီးတော့မှ လုပ်ထားပြီးပြီ။ သူတို့ဆီက အခုထိကို ပြန်မလာတာပေါ့နော်။ ကျနော်တို့က နှစ်နိုင်ငံ draft တွေကော ၊ မူကြမ်းတွေကော ၊ နှစ်ဖက် အတည်ပြုချက်လေးတွေလည်း ရပြီးပြီ။ ရတော့ ကျနော်တို့ နောက်ဆုံးဟာတွေလည်းပေးပြီးပြီ။ ဘယ်အချိန်ထိုးမလဲဆိုတာကို ပထမ ပြီးခဲ့တဲ့လ ၂၅၊ ၂၉ လာမယ်ဆိုပြီးတော့ ပြောတာပေါ့နော်။ နောက်ကျတော့ အခုမလာဖြစ်တော့ဘူး အဆင်ပေးတဲ့အခါလာမယ်ဆိုပြီးတော့ ပြောင်းသွားပြန်ရောပေါ့နော်။ သူတို့က အဲလိုလေးအနေအထားရှိတယ် နည်းနည်းတော့ ပြောင်းနေတာပေါ့နော် သူတို့ကတော့လေ။”

တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင် ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ခန့်အပ်ရေး အစီအစဉ်ကို မလေရှားမှာရှိတဲ့ အလုပ်ရှင်အများအပြားကတောင်းဆိုတာကြောင့် တနင်္လာနေ့ ကစတင်ခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ရုတ်တရက် နိုင်ငံခြားသား အလုပ်သမားတွေအသစ် ထပ်မခန့်တော့ဘူးလို့ ပြောကြားလိုက်တဲ့အတွက် မလေးရှားကို ထွက်ပြီး အလုပ်လုပ်ကြမယ့် မြန်မာအလုပ်သမားတွေ အခက်တွေ့မယ့်အရေး ကြုံလာရတာပါ။
မလေးရှားနိုင်ငံဟာပြီးခဲ့တဲ့ လတွေကစပြီး ဗီဇာကြေးကို ၁၀ ဆ တိုးကောက်ခံလိုက်သလို နိုင်ငံခြားသားလုပ်သားခွန် ကိုလည်း၂ ဆတိုးလိုက်တဲ့အတွက် ကန့်ကွက် ဝေဖန်တာတွေကိုလည်း ကြုံနေရတာပါ။ မလေးရှားမှာ မြန်မာအလုပ်သမား သိန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေပေမဲ့ အလုပ်လုပ်ခွင့်ပါမစ် မရှိတဲ့သူတွေကတော့ နေစဉ်လိုလို ဖမ်းဆီးခံနေရတာပါ။

မြန်မာသံရုံးကတော့ မလေးရှားထိမ်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စီစစ်ပြီး၂၀၁၅ ခုနှစ အတွင်းမှာနေရပ်ရင်းကိုပြန်လည်ပို့ဆောင်ပေးနေတာ လူ ၅၀၀၀ ကျော်သွားပါပြီ။ ဒါပေမဲ့ တရားဝင်မြန်မာအလုပ်သမား ၄၀၀၀ ထက်မနည်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ လစဉ် မလေးရှားနိုင်ငံကို သွားရောက်နေကြပါတယ်။

XS
SM
MD
LG