သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေပိုင်နက်ထဲ မလေးရှားလေယာဉ်ပျောက်ချိန် ထူးခြားမှုမတွေ့ရ


မလေးရှားလေယာဉ်ပျောက်ဆုံးမှုကို ဝိုင်းဝန်းရှာဖွေပေးနေသည့် မြန်မာ့ရေတပ်မတော်ရေယာဉ် (ဓာတ်ပုံ - Myanmar Navy Facebook စာမျက်နှာ)
မလေးရှားလေယာဉ်ပျောက်ဆုံးမှုကို ဝိုင်းဝန်းရှာဖွေပေးနေသည့် မြန်မာ့ရေတပ်မတော်ရေယာဉ် (ဓာတ်ပုံ - Myanmar Navy Facebook စာမျက်နှာ)
တပတ်ကျော်ကြာ ပျောက်ဆုံးနေဆဲ MH370 မလေးရှားလေကြောင်းလိုင်း
လေယာဉ်နဲ့ပတ်သက် လို့ မြန်မာနိုင်ငံ လေကြောင်းပိုင်နက် အတွင်းမှာတော့ သံသယဖြစ်စရာ ဖြတ်သန်းမှုမျိုးတွေ မြန်မာလေကြောင်းဦးစီးဌာနက ရထားတဲ့ အချက်အလက်တွေထဲ မတွေ့ရဘူးလို့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ မလေးရှားလေယာဉ် ရှာဖွေရေး နိုင်ငံပေါင်း ၂၆ နိုင်ငံက အကူအညီပေး ရှာဖွေနေရာမှာ မြန်မာနိုင်ငံလည်း အပါအဝင ်ဖြစ်ပါတယ်။ အပြည့်အစုံကို ရန်ကုန်ရုံးကနေ ကိုသားညွန့်ဦး က သတင်းပေးပို့ထားပါတယ်။

မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ် ပြန်လည်ရှာဖွေဖို့ မလေးရှားအစိုးရက မြန်မာနိုင်ငံကိုလည်း အကူအညီ တောင်းထားတာပါ။ လက်ရှိ မြန်မာလေကြောင်းဦးစီးဌာနက ရထားတဲ့ အချက်အလက်တွေအရ ဆိုရင်တော့ ခွင့်ပြုချက်မရှိဘဲ ပျံသန်းတဲ့လေယာဉ် မြန်မာလေပိုင်နက်ပေါ် အဲဒီအချိန်တွေမှာ ဖြတ်သန်းမှု မရှိခဲ့ဘူးလို့ မြန်မာ့လေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့မှာ ဗွီဒီယို record တွေရှိတယ်လေ။ ဖြစ်တဲ့အချိန်ပိုင်းအတွင်းနဲ့ အဲ့ဒီကနောက်ပိုင်း အပေါ်က ဖြတ်ပြီးတော့ ပျံသန်းနေတဲ့ လေယာဉ်ပျံတွေ၊ ဘယ်လေယာဉ်ပျံတွေ ဆိုတဲ့ဟာတွေ အဲ့ဒီဟာတွေကတော့ ကိုယ့်ဆီမှာကိုယ် ရှိကြတာပေါ့။ သူနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ လေပိုင်နက်ထဲ မရှိတဲ့အခါကျတော့ သူတို့ ကျနော်တို့ လမ်းကြောင်းပေါ်မှာ မရှိဘူးပေါ့။ မရှိတော့ သူနဲ့ပတ်သက်တဲ့ အချက်အလက်ကတော့ မရှိဘူး။ တခြားသော ခွင့်ပြုထားတာမျိုး မဟုတ်ဘဲနဲ့ ဖြတ်ကျော် ပျံသန်းတာတို့ အဲ့ဒီဟာမျိုးလည်း မရှိဘူး။”

အဲဒီအချက်အလက်တွေကိုတော့ သူတို့ လေကြောင်းဦးစီးဌာနကို တောင်းခံတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဂြိုလ်တုဆက်သွယ်ရေး ရေဒါ အချက်အလက်တွေမှာ အရပ်ဖက်နဲ့ စစ်ဖက်ဆိုပြီး ရှိတဲ့နေရာမှာ မြန်မာတပ်မတော်ကို မလေးရှားက အကူအညီတောင်း မတောင်းဆိုတာတော့ အတည်ပြုလို့ မရသေးပါဘူး။

မလေးရှားနိုင်ငံအနေနဲ့ကတော့ ပျောက်ဆုံးလေယာဉ် ရှာဖွေရေးအတွက် မြေပြင် ဝေဟင် ကူညီရှာပေးဖို့ရော၊ နိုင်ငံအလိုက် ရှိထားတဲ့ ဆက်သွယ်ရေး အချက်အလက်တွေကိုပါ အကူအညီပေးဖို့ တောင်းခံထားတယ်လို့ သိရပါတယ်။ ရှာဖွေရေးပိုင်းနဲ့ ပတ်သက်လို့ကတော့ မြန်မာရေတပ်က အဓိက ကူညီ ရှာဖွေပေးနေတယ်လို့ ဦးဝင်းဆွေထွန်းက ပြောပါတယ်။

“တပ်မတော်ရေက ရေယာဉ်သုံးစီးကတော့ သူတို့ ဆက်ပြီးတော့ လုပ်နေတာရှိတယ်။ ဘာမှတော့ ထူးခြားချက် မရှိဘူး။”

မေး။ ။ လက်ရှိ လေယာဉ်နဲ့ရှာတဲ့ကိစ္စကရော ရပ်သွားပြီလား။
ဖြေ။ ။ “လေယာဉ်နဲ့ရှာတဲ့ကိစ္စက နောက်ထပ် ဝင်လာတာ မရှိဘူး။ နောက်ဆုံး လုပ်တာအရတော့ ဒီဘက်က နိုင်ငံတွေပေါ့ Northern Corridor ဘက်မှာ ဆက်စပ်နေတဲ့ နိုင်ငံတွေကို သူတို့ request လုပ်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ဘက်ကိုတော့ ခုနတုန်းက သူတို့ ဖြတ်သွားမယ်ထင်တဲ့ လမ်းကြောင်းပေါ့ အဲ့ဒီက ပွိုင့်လေးတွေ သူတို့ပေးတာရှိတယ်။ ပွိုင့်လေးတွေက Corridor ဟိုဒင်းပေါ့ ဘယ်ညာ မိုင် ဘယ်လောက်ကျယ်မယ် ဆိုတာမျိုးတော့ မပါလာသေးဘူး။ ရှာဖွေရေး ဟိုဟာအတွက်တော့ အခု လတ်တလော လက်တွေ့မှာ ဝင်ပါပြီးတော့ လုပ်ပေးတာ တပ်မတော် (ရေ) တခုပဲရှိသေးတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ အိန္ဒိယနဲ့ အမေရိကန် က လေယာဉ်တွေ မြန်မာလေပိုင်နက်အတွင်းမှာ ဝဲပျံရှာဖွေမှု ၂ ရက်လုပ်ခဲ့ပြီး ဒီနောက်ပိုင်း မြန်မာလေပိုင်နက်ကနေ ဝေဟင်ရှာဖွေမှုတွေ မရှိခဲ့ဘူးလို့ ဦးဝင်းဆွေထွန်းက ပြောပါတယ်။

ပျောက်ဆုံးလေယာဉ် ရှာဖွေမှုကို စတုရန်း ကီလိုမီတာ ပတ်လည် ၄ သန်းကျော်အထိ တိုးချဲ့ရှာဖွေသွားမယ်လို့ မလေးရှား အာဏာပိုင်တွက ဒီကနေ့ ပြောပါတယ်။ ဒီအတွက် ရှာဖွေမှုပိုင်းမှာ နိုင်ငံတကာကလည်း ပိုပြီး ပူးပေါင်းပါဝင်ကြဖို့ မလေးရှား ကာကွယ်ရေးဝန်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ လေယာဉ်ဟာ သူ့ မူလလမ်းကြောင်းကနေ အနောက်ဘက်ကို လှည့်သွားပြီး အဲ့ဒီကနေမှ မြောက်ဘက်ခြမ်း အာရှအလယ်ပိုင်းဘက် ဒါမှမဟုတ် တောင်ဘက်ခြမ်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဘက် တနေရာရာကို ဆက်ပြီး ပံျသန်းသွားခဲ့တယ်လို့ စုံစမ်းနေသူတွေက ယူဆထားတာပါ။

လေယာဉ်ဟာ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေကျင်းကိုအသွား မလေးရှားလေကြောင်း ပိုင်နက်အစွန်းမှာပဲ မြေပြင်နဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးပါဝင်တဲ့ အခုလေယာဉ် ပျောက်ဆုံးမှုမှာ အကြမ်းဖက်မှု၊ လေယာဉ် ပြန်ပေးဆွဲမှု၊ စက်ချို့ယွင်းမှု အမျိုးမျိုး ဖြစ်နိုင်တယ်ဆိုပြီး တွက်ဆထားကြပါတယ်။

လေယာဉ်ပေါ်ပါသွားတဲ့ လေယာဉ်မှူးတွေ၊ ခရီးသည်တွေနဲ့ လေကြောင်းလိုင်း အမှုထမ်းတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး လုပ်နေပါတယ်။ ဒါပေမဲ့လည်း တရုတ်ကတော့ လေယာဉ်ပေါ်ပါလာတဲ့ တရုတ်ခရီးသည် ၁၅၄ ဦးရဲ့ နောက်ကြောင်းကို စစ်ဆေးပြီး တရုတ်ခရီးသည်တွေကတော့ အကြမ်းဖက်မှု ဒါမှမဟုတ် လေယာဉ် ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ပုံ မရဘူးလို့ ပြောနေပါတယ်။ လေယာဉ်ဟာ တမင်သက်သက် လမ်းကြောင်း ပြောင်းသွားတာကို ကြည့်မယ်ဆိုရင်၊ လေကြောင်းစနစ်ကို သိနားလည်သူတဦးဦး လေယာဉ်မောင်းခန်းမှာ ပါရှိတယ်လို့ ယူဆ သုံးသပ်မှုတွေလည်း ရှိကြပါတယ်။
XS
SM
MD
LG