မလေးရှား နိုင်ငံပိုင် 1MDB လုပ်ငန်းကြီးရဲ့ ငွေတွေနဲ့ ဝယ်ထားတယ်လို့ စွပ်စွဲခံရတဲ့ ဒေါ်လာ သန်း ၂၅၀ တန် ဇိမ်ခံ ရွက်သဘောၤ တစင်း ဒီကနေ့မှာဘဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Batam ကျွန်းကနေ ခုတ်မောင်းလာတဲ့ မီတာ ၉၀ ရှိ Equanimity သဘောၤက ဒီကနေ့ အင်္ဂါနေ့မှာ မလေးရှားနိုင်ငံ Klang ဆိပ်ကမ်းကို ဆိုက်ရောက်လာတာပါ။ Cayman ကျွန်း မှတ်ပုံတင်ထားတဲ့ ရွက်သဘောၤကို အမေရိကန် တရားရေးဌာနရဲ့ ပန်ကြားချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအနီးမှာ အင်ဒိုနီးရှား အာဏာပိုင်တို့က သိမ်းဆည်းခဲ့တာပါ။
ရေကူးကန်၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့် ခန်းမ၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း၊ ရုပ်ရှင်ရုံတွေ ပါဝင်တဲ့ ဇိမ်ခံ ရွက်သဘောၤကို မလေးရှား စီးပွားရေး လုပ်ငန်းရှင် Low Taek Jho က ဝယ်ယူခဲ့တာပါ။ မလေးရှား နိုင်ငံပိုင် 1MDB လုပ်ငန်းကြီးပိုင် ငွေကြေးတွေနဲ့ အလွဲသုံးစာလုပ်ပြီး Low Taek Jho ဝယ်ယူထားတာလို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲထားတာပါ။ နိုင်ငံပိုင် 1MDB လုပ်ငန်းကြီးကို ဝန်ကြီးချုပ် တာဝန်ယူစဉ် ထူထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Najib Razak နဲ့ ရင်းနှီးသူ Low Taek Jho ကို မလေးရှား အာဏာပိုင်တို့က ဖမ်းဝရမ်းထုတ်ထားပါတယ်။