သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမီဒီယာ လွတ်လပ်ခွင့်အလားအလာ


မလေးရှားအစိုးရက ပိတ်ပင်ခဲ့တဲ့ Malaysiakini သတင်း်ဌာနရဲ့ Press Freedom Wall
မလေးရှားအစိုးရက ပိတ်ပင်ခဲ့တဲ့ Malaysiakini သတင်း်ဌာနရဲ့ Press Freedom Wall

မလေးရှားနိုင်ငံမှာ မေလတုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ မမျှော်လင့်ဘဲ ရှုံးနိမ့်သွားခဲ့တာကြောင့် ညွန့်ပေါင်းအစိုးရသစ် ပေါ်ထွက်လာယုံတင်မကဘဲ အရင်အစိုးရလက်ထက်က ထိန်းချုပ်ခံ ထားခဲ့ရတဲ့ မီဒီယာဘက်ပိုင်းမှာလဲ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Dave Grunebaum မလေးရှားနိုင်ငံကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် အရုဏ်ဦး ရောက်တော့ မယ်ဆိုတဲ့ မျှော်လင့် ချက်နဲ့ Malaysiakini သတင်းဌာနရဲ့ ရုံးတွေမှာ စိတ်အား ထက်သန်နေပါတယ်။ Steven Gan ဟာ Malaysiakini သတင်းဌာနရဲ့ အယ်ဒီတာချုပ်ပါ။

Malaysiakini သတင်းဌာန အယ်ဒီတာချုပ် Steven Gan
Malaysiakini သတင်းဌာန အယ်ဒီတာချုပ် Steven Gan

“ပြောင်းလဲမှုတခုခု ဖြစ်ပေါ်လာမယ်ဆိုတဲ့ ယုံကြည်ချက် ကျနော့်မှာ ရှိနေပါတယ်။ ဒါပေမယ့် ပြောဖို့တော့ စောပါသေးတယ်။”

စောလွန်းသေးတယ်လို့ ပြောရတဲ့ အကြောင်းရင်းကတော့ - မလေးရှားနိုင်ငံ ဗြိတိသျှ လက်အောက်က လွတ်လပ်ရေးရပြီးတဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း မေလတုန်းက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီက ပထမဆုံးအကြိမ် အနိုင်ရလိုက်တဲ့အတွက် ဖြစ်ပါတယ်။

တိုင်းပြည်အတွင်းက အထင်ကရ သတင်းဌာနတွေ အများစုဟာ အစိုးရရဲ့ ထိန်းကွပ်မှု အောက်မှာ ဆယ်စုနှစ် ပေါင်းများစွာ ရှိနေခဲ့တာပါ။ သတင်း မီဒီယာကို နိုင်ငံရေးပါတီနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးအသိုင်းဝိုင်းတို့က ထိန်းချုပ်ထားတဲ့အပြင် အစိုးရပိုင် သတင်းဌာနကလည်း ရှိနေပြန်တာပါ။

အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ တပြေးညီမဖြစ်တဲ့ Malaysiakini လို ပုဂ္ဂလိက သတင်းဌာနတွေ လုပ်ငန်း လိုင်စင်ရဖို့ ခက်ခဲအောင် အာဏာပိုင်တွေက ဖန်တီးထား ကြောင်း Nottingham Malaysia တက္ကသိုလ်က Gayathry Venkiteswaran က ပြောပါတယ်။

“သတင်းတခုကို ပုံနှပ်တင်ပြဖို့၊ ဒါမှမဟုတ် အသံလွှင့်ဖို့အတွက် အစိုးရက ခွင့်ပြုတယ်၊ မပြုဘူးဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိနေတာကြောင့် ဒါဟာ ဆင်ဆာဖြတ်တောက်မှုပဲ ဖြစ်ပါတယ်။”

ဥပမာအားဖြင့် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး ရာထူးက နုတ်ထွက်သွားခဲ့ရတဲ့ ဝန်ကြီးချုပ် Najib Razak အပေါ် အဂတိ လိုက်စားမှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အဓိက သတင်း ဌာနကြီးတွေက လျှော့ပေါ့ပြီး ပြောတာမျိုး ရှိသလို မဟုတ်ပါဘူးလို့ ငြင်းဆိုတာတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း Kevin Khor လို မဲဆန္ဒရှင်တွေက Malaysiakini လို တခြား သတင်းဌာနတွေရဲ့ တင်ပြမှုကို ကြည့်လာကြပါတယ်။

“ပင်မရေစီးကြောင်းထဲမှာ ရှိနေတဲ့ အဓိက သတင်းဌာနတွေကို အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ လူတွေက သိပ်မယုံကြဘူး။ ဒါကြောင့် လူတွေက အင်တာနက်ပေါ်မှာ တခြားသတင်းဌာနတွေနဲ့ ပိုပြီး မျှမျှတတရှိတဲ့ သတင်းတွေကို ရှာဖတ်လေ့ ရှိတယ်။”

ညွန့်ပေါင်းအစိုးရသစ်ကတော့ လွတ်လပ်စွာပြောဆိုခွင့် ပြုမယ့်အကြောင်း မဲဆွယ် စည်းရုံးရေးကာလမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပေးထားတဲ့ကတိအတိုင်း တကယ်လုပ်မယ် မလုပ်ဘူးဆိုတာကတော့ မသေချာသေးပါဘူး။

လက်ရှိဝန်ကြီးချုပ် Mahathir Mohamad ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်း ဆောင်ခဲ့သူဖြစ်ပြီး သူ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မီဒီယာတွေနဲ့ ဆက်ဆံရေး မပြေလည်ခဲ့ပါဘူး။

Malaysiakini သတင်းတိုက်မှာတော့ ဝန်ကြီးချုပ် မဟာသီယာ ပထမအကြိမ် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အပိတ်ခံလိုက်ရတဲ့၊ ဆိုင်းငံ့ခံထားရတဲ့ သတင်း တိုက်တွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ သတင်းလွတ်လပ်ခွင့်ဆိုတဲ့ နံရံကြီးတခု ရှိနေတာကို အယ်ဒီတာချုပ် Steven Gan က ထောက်ပြပါတယ်။

“ထူးတော့ ထူးဆန်းတယ်နော်။ ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်စဉ် ကာလမှာ သတင်းမီဒီယာ နဲ့ ရင်းနှီးမှု ရှိခဲ့တယ်။ သတင်းမီဒီယာရဲ့ ရန်သူဖြစ်ခဲ့တယ် ဆိုတာကို ကိုယ်က သိထားတယ်။ အခုတော့ ဝန်ကြီးချုပ်အဖြစ် သူက ပြန်အရွေးခံ ရတယ်။ သူနိုင်တယ်ဆိုတာကလည်း သတင်းလွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး နိုင်ခဲ့တယ်ဆိုတော့ ထူးဆန်းနေတယ်။”

သူတို့အနေနဲ့တော့ အရင်အစိုးရအပေါ် ထားတဲ့ သဘောထားအတိုင်းဘဲ အစိုးရသစ် အပေါ်မှာလည်း ပြတ်ပြတ် သားသား ဆက်ဆံသွားမယ်လို့ Malaysiakini က ပြောပါ တယ်။ ဒါပေမယ့် တိုင်းပြည်အတွင်း သတင်းဌာနတွေ အနေနဲ့ ဘယ်လို အခင်းအကျင်း တွေနဲ့ အနာဂတ်မှာ ရင်ဆိုင်ရမယ်ဆိုတာကတော့ ကြိုတင်ခန့်မှန်းလို့ မရနိုင် သေးတဲ့ အချက် ဖြစ်ပါတယ်ခင်ဗျား။

မလေးရှားမီဒီယာ လွတ်လပ်ခွင့်အလားအလာ
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG