သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် တရားမဝင်လုပ်သားတွေ ဒဏ်ကြေး ၈ ဆတိုး တောင်းခံရ


မြန်မာနိုင်ငံတွင်းက ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံတွင်း လူသေဆုံးတဲ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အသက်အန္တရာယ် လုံခြုံရေးစိုးရိမ်လို့ မြန်မာနိုင်ငံကို ပြန်ကြဖို့ စီစဉ်နေကြချိန်မှာပဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ဒဏ်ကြေးငွေ ၈ ဆအထိ တိုးမြှင့် တောင်းခံလိုက်တဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လိုသူ အလုပ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မလေးရှားနိုင်ငံက အလုပ်သမားရေး ကူညီပေးနေတဲ့ ကပ်ပုန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးဆန်းဝင်းက ဗွီၤအိုအေကို ပြောပါတယ်။ မလေးရှားနိုင်ငံတွင်းက မြန်မာအလုပ်သမားတွေ ရဲ့ နောက်ဆုံးအခြေအနေကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစတင်ပြီး မလေးရှားနိုင်ငံတွင်း တရားမဝင်နေ ထိုင်သူ နိုင်ငံခြားသားတွေအနေနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ကို ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေ ရင်းဂစ် ၄၀၀ အစား ၈ ဆအထိ တိုးမြှင့်လိုက်ပြီး ရင်းဂစ် ၃,၀၀၀ အထိ ပေးဆောင်ရမယ်လို့ မလေးရှား တာဝန်ရှိသူတွေဘက်က မလေးရှား သတင်းဌာနတွေက တဆင့် ကြေညာခဲ့တယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အခုလိုမျိုး မလေးရှားလူဝင်မှုက တိုးမြှင့် ကောက်ခံလိုက်တဲ့ အတွက် ပိုပြီးတော့အခက်အခဲ ဖြစ်နေကြတယ်လို့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ကပ်ပုန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးဆန်းဝင်းက ပြောပါတယ်။

“ဒီအပတ်ကစပြီး သူတို့က ၈ ဆ တိုးတောင်းတယ်။ ၃,၀၀၀ လောက် ကျတယ်။ ဗြုန်းစားကြီး ကောက်ဖြစ်တာ။ ကျနော်တို့ မလေးရှားမှာနေ လာတာ တော်တော်လေး ကြာလာပြီ။ ဒီလိုကြီး ဒဏ်ငွေ ၃,၀၀၀ အထိ တခါမှ မကျဖူးဘူး။ မြန်မာပြည်ကနေ လာတာတောင် မလေးရှားကို တရားဝင် ဝင်တာ ငွေ ၄,၀၀၀ လောက်ပဲ ကျတယ်။”

ဘာကြောင့် အဲဒီလို ၈ ဆတိုးပြီး တောင်းရတာပါလဲ။

“သူတို့တွေကတော့ ဒီမှာ ဒဏ်ကြေးတွေ မြင့်တဲ့အတွက်ကြောင့်ပေါ့လေ။ အဲဒါကြောင့်မိုလို့ တရားဝင်ပေါ့လေ။ မြန်မာနိုင်ငံသား တဦးတည်းကို မဟုတ်ဘူး။ ဒီမှာရှိတဲ့ တခြားနိုင်ငံသားတွေ ကျန်တဲ့သူတွေ အတွက်ကိုရော ပုံစံတပြေးညီတည်း သတ်မှတ်ချက်ထားပြီး ရှစ်ဆ တိုးတောင်းတယ် လို့ ကြေညာတယ်။”

ဘယ်နေ့ကစပြီးတော့ တိုးတောင်းတာပါလဲ။

“ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး တိုးတောင်းတာပါ။ မလေးသတင်းစာမှာ စပြီးတော့ ကြေညာပါတယ်။ ကြေညာပြီးတာနဲ့ တရားဝင်ကိုတော့ ကျနော်တို့ မြန်မာဘက်ခြမ်း ကို ဗုဒ္ဓဟူးနေ့ကမှ စပြီးတော့ ကြေညာထားတယ်။”

အဲဒီတော့ နဂို ဒဏ်ကြေးငွေ ၄၀၀ ရှိတာတောင်မှ အလုပ်သမားတွေမှာ အခက်အခဲရှိနေတော့ အခုလို ၃,၀၀၀ တိုးတောင်းလိုက်တော့ အလုပ်သမားတွေ အဓိက ဘာ အခက်အခဲတွေ ဖြစ်နေကြပါလဲရှင့်။

“အလုပ်သမားတွေက ပြန်ချင်တယ်။ ပြန်ချင်သော်လည်း သူတို့မှာက နဂို ၄၀၀ ပေးဖို့တောင် အခက်အခဲရှိနေတော့၊ သီတဂူ ဆရာတော်ကြီး ပြန်လာပြီး ပိုက်ဆံလေးပေးတာကို စောင့်ပြီး ပြန်နေရတဲ့အနေအထားမှာ အခု ငွေ ၃,၀၀၀ ကျော် ဆိုတော့ အရမ်းကို အခက်အခဲ တွေ့နေရတယ် ပြန်ဖို့အတွက် ကလေ။ သူတို့ကလည်း အရမ်းကို ပြန်ချင်နေကြတယ်။ အဲဒီလိုဖြစ်နေကြပါတယ်။”

အခုဆိုရင် နေရပ်ရင်းပြန်ဖို့ မလေးရှားအလုပ်ရှင်တွေက ထွက်စာတင်ထားပြီး သား မိခင်နိုင်ငံကို ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ မြန်မာ သံရုံးရဲ့ နိုင်ငံသားအသိအမှတ်ပြု လက်မှတ်ရရှိပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေး ရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေချိန်မှာပဲ အခုလို မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ ဒဏ်ငွေ တိုးမြှင့်လိုက်တဲ့အတွက် အခက်အခဲတွေ ဖြစ်သွားကြရတာပါ။

“တချို့ဆိုရင် အလုပ်ကနေ မိသားစုလိုက် ထွက်သွားကြပြီ။ တချို့ဆိုရင် Immigration ဌာနကို သီတဂူဖောင်ဒေးရှင်း ကနေ လိုက်ပို့ပေးမယ်ဆိုလို့ အဲဒီရက်ကို စောင့်ကြတာပေါ့လေ။ Immigration ဌာနမှာ လက်ဗွေ နှိပ်ပြီးရင် ပြီးသွားပြီ။ Immigration ကနေ လက်ဗွေနှိပ်ပြီးတာနဲ့ တန်း ပြန်ဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ အခု ဗြုန်းဒိုင်းကြီး အဲဒီအစီအစဉ်တွေ ပေါ်လာတဲ့ အခါကျတော့ သူတို့မှာ ထပ်တိုးဖို့အတွက် ပိုက်ဆံလည်း မရှိကြဘူး။ မရှိကြတဲ့အတွက် သူတို့မှာ အခက်အခဲတွေ တော်တော်တွေ့နေတယ်။ အလုပ်ပြန်ဝင်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလေ။ အားလုံးက ပြန်မယ် ဆိုတော့ အားလုံးရှိတဲ့ တယ်လီဗေးရှင်းလေးတွေကအစ နီးစပ်ရာ သူငယ်ချင်းတွေကို ၅၀၊ ၂၅ နဲ့ ရောင်းပြီး၊ အဲဒီလို အားလုံး ပြန်ဖို့ တော်တော်လေး အခက်အခဲတွေ့နေတယ်ခင်ဗျ။”

မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ နေရပ်ရင်း ပြန်ဖို့အရေးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေ ပူးပေါင်းကူညီပေးနေကြပါတယ်။ မလေးရှားနိုင်ငံတွင်းက မြန်မာ အလုပ်သမားအရေးနဲ့ ပတ်သတ်ပြီးလည်း ပြီးခဲ့တဲ့လက ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အပါအဝင် မြန်မာသံရုံး တာဝန်ရှိသူတွေက မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း အခုလို မြန်မာအလုပ်သမားတွေ တရားဝင်ပြန်ခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။

“သူတို့ဘက်ကတော့ ညှိနှိုင်းပေးမယ့်အနေအထားတော့ စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေရေးကြေးရေးတွေက မတရားကြီးဖြစ်သွားတဲ့ အတွက်ကြောင့်၊ လုပ်ရတဲ့လုပ်ငန်းတွေက မတရားကျယ်တယ်။ မတည်ငြိမ်တဲ့ အတွက်ကြောင့် ပိုဆိုးတယ်။”

မြန်မာပြည်ပြန်လိုသူတွေထဲက အသက်အရွယ်ကြီးမြင့်သူတွေ၊ နာမကျန်းဖြစ်သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သားသည်မိခင်တွေ အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့လှူဒါန်းမှုနဲ့ ဧရာဝတီဖောင်ဒေးရှင်းနဲ့ သီတဂူဆရာတော် မလေးရှားကိုရောက်စဉ်က ဖွဲ့စည်းပေးခဲ့တဲ့ သီတဂူဖောင်ဒေးရှင်းနဲ့ ပရီမီးယားကော်ဖီမစ်ကုမ္ပဏီတို့က လည်း လေယာဉ်လက်မှတ် အခမဲ့လှူဒါန်းပေးနေသလို အခြားအလှူရှင်တွေ ကလည်း လိုအပ်တဲ့ငွေကြေး အထောက်အပံ့တွေကို ကူညီလှူဒါန်းပေးနေတာ ရှိပေမဲ့လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

အခုဆိုရင် မလေးရှားနိုင်ငံတွင်း အခြေအနေတည်ငြိမ်နေပြီဆိုပေမဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်နေကြတဲ့ မြန်မာအလုပ်သမား ထောင်ချီနေပြီဖြစ်ပြီး နောက်ထပ်လည်း ပြန်ဖို့ စောင့်စားနေကြသူတွေလည်း အများအပြား ရှိနေပါတယ်။

မလေးရှားနိုင်ငံကနေ မြန်မာပြည်ပြန်ရောက်သွားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်သမား ဝန်ကြီးဌာနက အလုပ်အကိုင်ပြန်လည်ရရှိရေး စီစဉ်ဆောင် ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG