သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နေထိုင်သူ မြန်မာ ၂၀ ကျော် မလေးရှားမှာ အဖမ်းခံရ


မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဆောင်းခြင်း ကွာလာလမ်ပူ-မြန်မာသံရုံး။ ၂၀၁၆ သြဂုတ် ၃ ရက်
မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဆောင်းခြင်း ကွာလာလမ်ပူ-မြန်မာသံရုံး။ ၂၀၁၆ သြဂုတ် ၃ ရက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ ရပ်ကွက်တခုမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ နှိမ်နင်းမှုတခုအတွင်း စနေနေ့က မြန်မာ အပါအဝင် တရားမဝင် အလုပ်သမား ၁၄၀ လောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၇၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ ဒီနောက်မှာ မြန်မာနိုင်ငံသား ၂၃ ယောက်နဲ့ ကျန်တာကတော့ နီပေါ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ယူဂန်ဒါ နိုင်ငံတွေက ဖြစ်ကြပါတယ်။

မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေအတွင်း လွတ်မြောက်ဖို့ ကြိုပမ်းခဲ့တဲ့ မြန်မာနိုင်ငံသားတဦးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ရဲအရာရှိတဦးလည်း ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ မလေးရှားသတင်းဌာနတခုဖြစ်တဲ့ Bernama မှာ ဖော်ပြထားပါတယ်။ စနေနေ့ ညနေ ၅ နာရီခွဲမှာ စတင်တဲ့ ၁၃ နာရီကြာ နှိမ်နင်းမှုအတွင်း နိုင်ငံခြားသား ၄၂၄ ယောက်ကို စစ်ဆေးခဲ့တာဖြစ်ပြီး၊ ဒီအထဲက ၁၄၀ ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမား သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြပြီး၊ ဒီအထဲက အလုပ်လုပ်ခွင့် တရားဝင် အထောက်အထား မရှိသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ - မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ်ပြီး နေရပ် ပြန်လည် ပို့ဆောင်ပေးနေတာမှာ အားလုံး ၅ ထောင်ကျော် ရှိခဲ့တယ်လို့လည်း မြန်မာသံရုံး တာဝန်ရှိသူတွေက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရားဝင် မြန်မာအလုပ်သမား ၄ ထောင်ထက် မနည်းကတော့ မလေးရှားမှာ အလုပ်လုပ်ဖို့ လစဉ် သွားရောက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG