သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို


မလေးရှားဝန်ကြီးချုပ် Najib Razak (လယ်) ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းအမှတ်စဉ် MH370 အကြောင်း သတင်းထုတ်ပြန်စဉ်။ (မတ် ၁၅၊ ၂၀၁၄)
မလေးရှားဝန်ကြီးချုပ် Najib Razak (လယ်) ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းအမှတ်စဉ် MH370 အကြောင်း သတင်းထုတ်ပြန်စဉ်။ (မတ် ၁၅၊ ၂၀၁၄)
ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ် လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာ လေယာဉ်ပျံသန်းမှု အချက်ပေးစက်ကို
ပိတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

မလေးရှား တော်ဝင်လေတပ်က ရရှိတဲ့
ရေဒါ အချက်ပေးမှုအရ မလေးရှားလေကြောင်း အမှတ်စဉ် MH370 လေယာဉ်ဟာ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကို ပြန်လှည့်သွားခဲ့ပြီး
အနောက်မြောက်ဘက်ကို ကွေ့သွားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ဘက်မှာ ရှာဖွေရေးလုပ်နေတာတွေကို ရပ်လိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ၆ နာရီခွဲကျော် ကြာတဲ့အထိ လေယာဉ်နဲ့ဂြိုဟ်တုကြား အဆက်အသွယ်တွေ ရှိနေခဲ့တာကိုလည်း မလေးရှားလေကြောင်းလိုင်း အာဏာပိုင်တွေ၊ နိုင်ငံတကာ အာဏာပိုင်တွေက သုံးသပ်တာကိုလည်း ရှင်းပြပါတယ်။

Kazakhstan နယ်စပ်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ မြောက်ဘက် လမ်းကြောင်း၊ ဒါမှ မဟုတ် အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်း တခုခုကနေ လေယာဉ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြား နောက်ဆုံး အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။

တချို့ သတင်းတွေထဲမှာရေးနေသလို လေယာဉ် ပြန်ပေးဆွဲခံသွားရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မလေးရှား ဝန်ကြီးချုပ်က တိတိကျကျ မဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေ အားလုံးကို စုံစမ်းနေတယ်လို့ ပြောကြားသွားပါတယ်။

အခုလေယာဉ် ပျောက်သွားတဲ့ပုံစံဟာ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ခရီးသည်တွေအပေါ် စုံစမ်းမှုကို အာရုံစိုက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောသွားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ဆီအသွား Boeing 777 လေယာဉ်ပျောက်သွားတာ ဒီကနေ့ ၇ ရက်ရှိသွားပါပြီ။
XS
SM
MD
LG