သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှား လေယာဉ် အိန္ဒိယ သမုဒ္ဒရာ ဘက် တိုးချဲ့ရှာဖွေ


မလေးရှား လေယာဉ်ပျောက် ရှာဖွေရေးအဖွဲ့ သင်္ဘောရေယာဉ်များဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေကြစဉ်။ (မတ်လ ၁၂၊ ၂၀၁၄)
မလေးရှား လေယာဉ်ပျောက် ရှာဖွေရေးအဖွဲ့ သင်္ဘောရေယာဉ်များဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေကြစဉ်။ (မတ်လ ၁၂၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ရှာဖွေရေးလုပ်ငန်းတွေကို အကြီးအကျယ် နေရာတိုးချဲ့ လုပ်ဆောင်နေတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။ ခေတ်သစ် လေကြောင်းပျံသန်းမှု သမိုင်းမှာ အထူးဆန်းဆုံး ပဟေဠိတခုကို ဖြေရှင်းနိုင်ဖို့ မလေးရှားနိုင်ငံက ဆက်လက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

အတိအကျ မပြောနိုင်သေးတဲ့ အခြေအနေတချို့ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ရေဒါထဲကနေ ပျောက်သွားခဲ့တဲ့ Boeing 777 မလေးရှား ခရီးသည်တင် လေယာဉ်ကို နောက်ဆုံး အဆက်အသွယ် ပြတ်သွား ခဲ့တဲ့ နေရာကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယ သမုဒ္ဒရာ အထိ ရှာဖွေမှုတွေကို ဖြန့်ကျက် လုပ်ဆောင်နေတဲ့အကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး Hishammudin Hussein က သောကြာနေ့က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်းမှာလည်း အလှမ်းဝေးတဲ့ နေရာတွေအထိ ရှာဖွေမှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။ လေယာဉ် ပျောက်ဆုံး ခဲ့တဲ့ နေရာနဲ့ပတ်သက်တဲ့ သဲလွန်စ သတင်းအချက်အလက်သစ် တော့ သူက ထပ် မပြောနိုင်ခဲ့ပါဘူး။ ကွာလာလမ်ပူ ကနေ ဘေဂျင်းမြို့ကိုအသွား စနေနေ့က လေယာဉ်ပျောက်သွားခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်း လေယာဉ် ကနေ Satellite ဂြိုဟ်တုကို ဆက်သွယ်တဲ့ အလိုအလျောက် အီလက်ထရောနစ် သတင်းပေးပို့ချက်တွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့လည်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မနေ့က အမေရိကန် အရာရှိတွေ တင်ပြခဲ့တာမှာတော့ လေယာဉ်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ပုံမှန် သတင်းပေးပို့ ဖို့ ကြိုးစားတဲ့ pings လို့ခေါ်တဲ့ ခပ်ဝါးဝါး ဆက်သွယ်ချက်တချို့ကို စတလိုက် ဂြိုဟ်တု ကနေ ဖမ်းယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဆက်သွယ်ချက်တွေ အရ လေယာဉ်ရဲ့ တည်နေရာကို ဖော်ပြနိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသလို၊ ဒီ ဆက်သွယ်ချက်တွေ ပေးပို့ချိန်မှာ လေယာဉ် ဟာ ဝေဟင်မှာ ရှိနေ တာလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဒီအတောအတွင်း ကွာလာလမ်ပူမြို့က မူစလင်တွေ စုဝေးပြီး ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ အတူ လိုက်ပါလာသူတွေ အားလုံး ဘေးအန္တရာယ်မရှိ အိမ်ပြန်ရောက်လာဖို့ ဆုတောင်းတဲ့ ဆုတောင်းပွဲတခုကို လေဆိပ်အနီးက ဗလီမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပြီ မလေးရှား ဝန်ကြီးချုပ် Najib Razak လည်း ဒီဆုတောင်းပွဲကို တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG