သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရေဘေးသင့် မြန်မာတွေဆီ ပရဟိတအဖွဲ့ သွားရခက်


Malaysia Flood
Malaysia Flood

{{Zawgyi/Unicode}}

မလေးရှားနိုင်ငံက ဒေသတချို့မှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅ သောင်းထက်မနည်း ဘေးလွတ်ရာပြောင်းရွှေ့ နေရသူတွေထဲ မြန်မာလုပ်သားတွေလည်း ပါဝင်ပါတယ်။ ရေဘေးကြုံနေတဲ့ မြန်မာလုပ်သားတွေကို ကူညီနိုင်ဖို့ ပရဟိတဆောင်ရွက်သူတွေက ကြိုးပမ်းနေပေမဲ့ အကူအညီပေးဖို့ အခက်အခဲရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းခဲ့ရက ရုတ်တရက်ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်။ ပြည်နယ် ၈ ခုမှာ အကြီးအကျယ် ရေကြီးရေလျှံမှုတွေကြုံနေသလို ရေကြီးမှုကြောင့် သေဆုံးသူ ၁၄ ယောက်ထက် မနည်းရှိနေပါတယ်။ Kula Lumpur မြို့တော်တည်ရှိတဲ့ Selangor ပြည်နယ်အပါအဝင် ပြည်နယ် ၈ ခုမှာ နေထိုင်သူ ၅ သောင်းထက်မနည်း ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။ ရေမြုပ်တဲ့အထဲမှာ လူနေအိမ်တွေအပြင် စက်ရုံအလုပ်ရုံတွေလည်း ပါဝင်ခဲ့ပြီးတော့ ဒီထဲမှာ မြန်မာလုပ်သားတွေလည်း ရေဘေးဒုက္ခကြုံနေကြရပါတယ်။ ရေဘေးကြောင့် အစားအသောက် အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီနိုင်ဖို့အတွက် ကွာလာလမ်ပူအခြေစိုက် နှလုံးလှပရဟိတအဖွဲ့က ဆက်သွယ်သူတွေဆီ သွားရောက်ခဲ့ပေမယ့် အခက်ကြုံတွေ့ရတဲ့အကြောင်း ပြောပါတယ်။

"တကယ့်ပိတ်မိတဲ့ မြန်မာတွေကျတော့ ဟိုးအထဲတွေမှာ ဖြစ်နေတယ်။ တချို့ကျတော့ နှစ်ထပ်အိမ်မှာနေတော့ အောက်ထပ်မှာ အကုန်မြုပ်သွားပြီ၊ အပေါ်ထပ်မှာ နေကြတယ်။ ကျနော်တို့က အဲ့အထဲကျတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ကျနော်တို့ သွားကြည့်တယ်၊ သွားလို့လုံးဝမရဘူး။ ပြီးတော့ သူတို့သက်ဆိုင်ရာတွေက ဝင်ခွင့်မပေးဘူး။ စစ်သားတွေ၊ သက်ဆိုင်ရာ မီးသတ်ဌာနတွေကပဲ ဝင်ခွင့်ရှိတယ်။ အခုတော့ ရေတော့ပြန်ကျကုန်ပါပြီ။ တချို့ကျတော့ ပြန်လို့ရတယ်၊ တချို့ကျတော့ ပြန်လို့မရသေးဘူး။ မြုပ်သွားတယ်ဆိုကလည်းက ရွှံ့တွေ၊ ဗွက်တွေနဲ့ဆိုတော့ တချို့ဆို ပေါင်အလယ်လောက် ကျန်သေးတယ်။ လုံးဝသွားလို့ မရသေးဘူး၊ ကယ်ဆယ်ရေးစခန်းတွေမှာ ရှိကြတုန်းပဲ။"

နေရာတချို့မှာတော့ ရေပြန်ကျနေပြီဆိုပေမယ့် ရှင်းလင်းရေးလုပ်ငန်းတွေကြောင့် နောက် ၃ ရက်လောက်နေမှ ကယ်ဆယ်ရေးစခန်းတွေကနေ သူတို့ရဲ့နေရပ်ဆီ အသီးသီးပြန်ပို့မယ်လို့ သိရပါတယ်။ ရေပြန်ကျနေပြီမို့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမဲ့၊ အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုနေတဲ့ မြန်မာတွေအနေနဲ့ သူတို့ကို ဆက်သွယ်ဖို့ ပရဟိတကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။ ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရတဲ့ မြန်မာလုပ်သားအရေအတွက် အတိအကျမသိရပေမယ့် အကူအညီတောင်းလာသူတွေထဲ လက်လှမ်းမီသူတွေကိုတော့ အတတ်နိုင်ဆုံး ကူညီပေးနေတယ်လို့ ပရဟိတတာဝန်ခံ ကိုသက်က ပြောပါတယ်။

"ကိုယ့်မြန်မာလုပ်သားတွေ အကူအညီတောင်းလာတာ ရှိတယ်။ တချို့ဆို စားဖို့သောက်ဖို့မရှိတော့ဘူး ဆိုလို့ ကျနော်တို့သွားပြီးတော့ ကြည့်တဲ့အခါမှာ အဲဒီကို လုံးဝသွားလို့မရတော့ဘူး။ ဖြတ်လို့လည်း မရဘူး။ ကိုယ်တွေ နိုင်ငံခြားသား အနေနဲ့က သွားဖို့အဆင်မပြေဘူး။ တချို့ ကျနော်တို့ ပရဟိတညီအကိုအသင်းတွေတော့ ထမင်းထုတ်တွေ သွားဝေပေးနေတာတော့ ရှိတယ်။ ကားတွေတောင်မှ 4 Wheels မှ အမြင့်ကားတွေမှ မောင်းလို့ရတဲ့အနေအထားတွေပေါ့။"

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သား တော်တော်များများရှိပါတယ်။ အလုပ်လုပ်ကြသူ အများစုက စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ စက်ရုံတွေမှာ တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်သူတွေကို မလေးအာဏာပိုင်တွေက ရှာဖွေဖမ်းဆီးတာတွေ၊ တရားဝင်အထောက်အထားမရှိသူတွေကို နေရပ်ပြန်ပို့တာတွေ လုပ်လေ့ရှိပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG