သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသို့ မြန်မာလုပ်သားများ စေလွှတ်မှု ခေတ္တဆိုင်းငံ့


မကြာသေးခင်က မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံသားချင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူသေဆုံးရတဲ့အထိ ဖြစ်ခဲ့တဲ့အတွက် လုံခြုံရေး စိုးရိမ်ရလို့ မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်မှုကို ခေတ္တ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားရေး ဝန်ကြီးဌာနက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေအတွက်လည်း အလုပ်အကိုင်တွေ စီစဉ်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရ ရုံးအဖွဲ့မှူးက ဗွီအိုအေကို ပြောပါတယ်။ အခုလက်ရှိ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ မိခင်နိုင်ငံ အမြန်ဆုံး ပြန်ရေးကိုလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံသားတချို့ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ မြန်မာအချင်းချင်း အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပျက်ခဲ့လို့ အခြေအနေမှန်ကို စုံစမ်းဖို့ မလေးရှားနိုင်ငံကို မြန်မာနိုင်ငံဘက်က ဒုနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်၊ ဒုအလုပ်သမားရေးဝန်ကြီး ဒေါ်ဝင်းမော်ထွန်း အပါအဝင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပြီးတဲ့နောက် မြန်မာအလုပ်သမားဝန်ကြီးဌာနက မလေးရှားနိုင်ငံတွင်း လုံခြုံရေးအခြေအနေ မတည်ငြိမ်မချင်း နိုင်ငံသား အလုပ်သမား ပို့ဆောင်နေမှုကို ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံတွင်းက အခြေအနေတွေပေါ် မူတည်ပြီး အလုပ်သမား ပို့ဆောင်မှုကို ပြန်လည် ဆောင်ရွက်မှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော် က ဗွီအိုအေမြန်မာပိုင်း က ပြောပါတယ်။

“မလေးရှားက ဖြစ်ခဲ့တဲ့အခြေအနေက ကျနော်တို့ ဒုဝန်ကြီးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သွားတာကိုး။ သွားတဲ့အခြေအနေတွေအရ လတ်တလောအခြေအနေတွေမှာ အသစ်ထပ်ပြီး လွှတ်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေကြောင့် ကျနော်တို့က ၁၃ ရက်နေ့တုန်းက ကုမ္ပဏီတွေ၊ အေဂျင်စီတွေကို မလေးရှားကို လွှတ်တဲ့ဟာလေးတွေကို လောလောဆယ် ဆိုင်းငံ့ထားပေးဖို့ နားလည်အောင် ကျနော်တို့ ပြောပြီးတော့ ခဏလောလောဆယ် ဆိုင်းငံ့ထားတာပါ။ လတ်တလော အခြေအနေတွေ တည်ငြိမ်ပြီးသွားတဲ့အခါကျရင် အခြေအနေအပေါ် မူတည်ပြီးမှ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။”

မေး။ ။ တကယ်လို့ပေါ့နော် မလေးရှားနိုင်ငံကနေ အခုဆိုရင် မြန်မာအလုပ်သမား တော်တော်များများ ပြန်လာနေကြပါပြီ။ အဲ့တော့ ပြန်လာတဲ့ အလုပ်သမားတွေအတွက်လည်း အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဘာတွေ စီစဉ်ပေးဖို့ ဆောင်ရွက်နေတာများ ရှိပါသလဲ။

ဖြေ။ ။ “ကျနော်တို့ မနေ့ကဆိုရင်လည်း တရားဝင် သံရုံးကို သတင်းပို့ပြီး ပြန်တာ ၂၅ ဦးပေါ့နော်။ အဲ့ဒီလူတွေရဲ့စာရင်းလည်း ကျနော်တို့ ဝန်ကြီးဌာနက ကိုယ်စားလှယ်လွှတ်ပြီးတော့ ကောက်ထားတာရှိပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ အလုပ်အကိုင်ကို အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပြီးမှ သူတို့ဘက်ကလည်း လုပ်ချင်တယ်ဆိုရင် ချိတ်ဆက်ပေးပါမယ်။”

မေး။ ။ ဟုတ်ကဲ့ အဲ့တော့ နောက်ထပ်ပေါ့နော် ပြန်လာဦးမယ့် အလုပ်သမားတွေအတွက်ကရော ဘာတွေများ စီစဉ်ပေးနေပါပြီလဲ။

ဖြေ။ ။ “ပြန်လာတဲ့သူအားလုံးကို ကျနော်တို့ စာရင်းကောက်မှာပါ။ ကောက်ပြီးတော့ လာတဲ့သူအပေါ် မူတည်ပြီးမှ အလုပ်နဲ့ပတ်သက်လို့ကလည်း ကျနော်တို့ ကမ်းလှမ်းထားတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေလည်း ရှိပါတယ်။ အဲ့ဒီလူတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေး ဖို့တော့ ပြင်ဆင်ထားပါတယ်။”

ဒါကတော့ အလုပ်သမားဝန်ကြီးဌာနက မလေးရှားနိုင်ငံကနေ နေရပ်ရင်း
ပြန်ရောက်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် ရှာဖွေ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

အခုလို မလေးရှားနိုင်ငံကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး မလေးရှားနိုင်ငံက ဒုတိယပြည်ထဲရေးဝန်ကြီး အပါအဝင် မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် မလေးရှားနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့်ရှိသူရော၊ တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသားတွေ
နေရပ်ရင်း တရားဝင် ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီ့နောက်မှာတော့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအမတ်ကြီးနဲ့တကွ သံရုံးတာဝန်ရှိသူတွေ၊ နောက် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီးတော့ အမြန်ဆုံး နေရပ်ပြန်နိုင်ရေး စီစဉ် ဆောင်ရွက်နေကြပြီ ဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေကို ရုံးပိုင်းဆိုင်ရာ လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ဦးသီဟမောင်မောင် က ဗွီအိုအေကို ပြောပါတယ်။

“နေ့တဓူ၀ လာနေတဲ့သူတွေက များလာတော့ မနေ့ကတော့ ကျနော် သံအမတ်ကြီးကို မေတ္တာရပ်ခံတယ်ပေါ့လေ။ သံအမတ်ကြီးနဲ့ ကျနော် ညှိကြည့်တယ်။ ညှိကြည့်တော့ သံအမတ်ကြီးက အစက ကျနော် အယောက် ၃၀ နီးနီး ဟိုဟာဖြစ်တာ။ ပြီးပါတယ်ခင်ဗျ။ ကျနော် နောက်ပြီး သူတို့လည်း တခါထပ်ပြီးတော့ ဒီနိုင်ငံက Immigration က အရာရှိကို တခါ တွေ့တယ်။ သူနဲ့လည်း ကျနော် စကားတွေ ဘာတွေ သေချာပြောဖြစ်ပါတယ်။ ကျနော်တို့ အခက်အခဲလေးတွေကို ဖြေရှင်းပေးဖို့ သူ့ကို အကူအညီတောင်းတော့ မနက်ဖြန်ကို ၄၀ သူတို့ ပေးပါတယ်ခင်ဗျ။”

ပထမဆုံးအသုတ်ကိုတော့ တနင်္လာနေ့က မြန်မာနိုင်ငံကို ပို့ဆောင်နိုင်ပြီးတဲ့နောက်မှာတော့ အင်္ဂါနေ့ကစပြီး နေရပ်ရင်းပြန်လိုသူ မြန်မာအလုပ်သမားတွေကို လူဝင်မှုကြီးကြပ်ရေးမှာ အချိန်မကြန့်ကြာရလေအောင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ စီစဉ်ပေးမှုနဲ့ အနည်းဆုံး မြန်မာအလုပ်သမား ၃၀ ကနေ ၄၀ ယောက်အထိ မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ပို့ဆောင်နိုင်အောင် စီစဉ်ပေးနေကြပြီဖြစ်တယ်လို့ ဦးသီဟမောင်မောင် က ပြောပါတယ်။

ပြန်လိုတဲ့သူတွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သားသည် မိခင်တွေအတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ပေးဆောင် ရမယ့် ဒဏ်ငွေတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မတ်စ် ဇော်ဇော်ရဲ့ လှူဒါန်းမှုနဲ့ ဧရာဝတီ ဖောင်ဒေးရှင်းကနေ ကူညီပေးနေတာလည်း ရှိတယ်လို့ ဦးသီဟမောင်မောင် က ပြောပါတယ်။

“Immigration မှာ ပေးမယ့် ဒီ ၄၀၀ ကို အခမဲ့ ဒီ ဧရာဝတီဖောင်ဒေးရှင်းက စိုက်ထုတ်ပေးပါတယ်။ ကျနော်တို့ အခုလောလောဆယ် Immigration သွားတာတို့ ပြန်တာတို့ကိုတော့ ဧရာဝတီဖောင်ဒေးရှင်းကပဲ အကုန်အကျ ခံပါတယ်ခင်ဗျ။”

မလေးရှားနိုင်ငံတဝှမ်းက မြန်မာနိုင်ငံကို ပြန်လိုသူ မြန်မာအလုပ်သမားတွေအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဆုံရပ် စီစဉ်ပေးပြီး မြန်မာသံရုံးကို ဆက်သွယ်ဖို့နဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာ့အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုလက်ရှိ အချိန်မှာတော့ မလေးရှားနိုင်ငံတွင်းက မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအခြေအနေကတော့ အကြမ်းဖက် တိုက်ခိုက်မှု သတင်းတွေ မကြားရတော့ပဲ တည်ငြိမ်စ ပြုနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ မနေ့တုန်းက တရားမဝင်နေထိုင်သူ မြန်မာအလုပ်သမား ၅၀ ကျော်ကို အထောက်အထား မခိုင်လုံတဲ့အတွက် မလေးရှားတရားရုံးက စီရင်ချက် ချလိုက်ပါတယ်။

မလေးရှားနိုင်ငံတွင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းကျော်နဲ့ တရားဝင် အလုပ်လုပ်ကိုင်သူ ၃ သိန်းကျော် ရှိပါတယ်။
XS
SM
MD
LG