သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက်မြန်မာတွေကို တရားဝင် အထောက်အထား ထုတ်ပေးမည်


မြန်မာအလုပ်သမားဝန်ကြီးဦးအေးမြင့်
မြန်မာအလုပ်သမားဝန်ကြီးဦးအေးမြင့်
မလေးရှားနိုင်ငံမှာရောက်နေပြီး စာရွက်စာတမ်း အထောက်အထားလဲမရှိ၊အလုပ် လုပ်ခွင့် လည်းမရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာ မလိုပဲ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မဆိုက်ပဲ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ဝန်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်လေဆိပ်မှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို စိစစ်ဖို့နဲ့ မှုခင်းတွေ လျော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရက အခုလဆန်းပိုင်းက စလို့ နိုင်ငံတဝှမ်း စစ်ဆင်ရေးတရပ် ဆင်နွဲပြီး နိုင်ငံခြားသားတွေကို လိုက်လံဖမ်းဆီးနေတာမှာ မြန်မာနိုင်ငံသားတွေလည်း ရာနဲ့ချီပြီး ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံသားတွေအရေးကိစ္စအတွက် မလေးရှား အလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်လည်းမရှိ၊ စာရွက် စာတမ်း အထောက်အထားလဲ မရှိတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လိုတယ်ဆိုရင် အရင်လို လျော်ကြေးပေးစရာမလိုပဲ ပြန်နိုင်အောင် မြန်မာအစိုးရအနေနဲ့ ကူညီ လုပ်ဆောင်ပေးသွားမယ်လို့ ဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။

"တချို့လူတွေ ဘာမှ အထောက်အထားလည်းမရှိဘူး။ ဟိုမှာလည်း အလုပ်မလုပ်နိုင်ဘူး။ အလုပ်ရှင်ကလည်း ခေါ်တာလည်းမဟုတ်ဘဲနဲ့ ဒီလိုပဲ ဟိုချောင်ကပ်၊ ဒီချောင်ကပ် နေရတဲ့သူတွေကို တရားဝင် ပြန်ခေါ်ပေးမယ်။ ပြန်ခေါ်ပေးရင်လည်း အရင်ကလို ဒဏ်ကြေးဆောင်စရာမလိုပဲနဲ့ ဒီအတိုင်း ပြန်လာလို့ရအောင်နော်၊ နောက်တခါ တရားဝင်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဆီ သွားပြီးတော့ ဆိုနီကုမ္ပဏီရှိတယ်။ Panasonic ကုမ္ပဏီရှိတယ်။ ဒီကုမ္ပဏီက တာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့ အလုပ်သမားတွေရဲ့ နေထိုင် စားသောက်မှုအခြေအနေ၊ လစာတွေ ပုံမှန်ရလား။ သတ်မှတ်ထားတဲ့ လစာတွေရသလား စသဖြင့်ပေါ့နော်။ ဒီလိုမျိုးတွေ တွေ့ပြီးတော့ ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်။ ဟိုဘက်က အလုပ်ရှင်တွေဘက်ကလည်း သူတို့တာဝန်ရှိတဲ့အတိုင်းပဲ ဆက်လုပ်ပေးမှာဖြစ်တယ်။ အခုသွားတာကတော့ အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် သွားပြီးတော့ လုပ်ပေးတဲ့ ကိစ္စပါပဲ။"


အဲဒီလူတွေကို မြန်မာနိုင်ငံကို ပြန်မခေါ်ခင် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှ ပြန်ခေါ်မှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် တရားဝင် စာရွက်စာတမ်း အထောက်အထားနဲ့ ရောက်နေကြသူတွေအနေနဲ့ အခု မလေးရှားအစိုးရက ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီး ခံရတာမျိုးမရှိပဲ သူတို့ အလုပ်ရုံတွေမှာ အေးအေးဆေးဆေး အလုပ် လုပ်နေနိုင်ကြပေမယ့် စာရွက်စာတမ်း မရှိသူတွေကတော့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

အဲဒီလို လူတွေကိုတော့ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးက ကူညီပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။

"ပြဿနာရှိတာက အထောက်အထားမရှိပဲ ဘာစာရွက်စာတမ်းမှ မရှိပဲ သွားတဲ့ အလုပ်သမားတွေ၊ သူတို့အတွက်ကို ဘာတွေ လုပ်ပေးမလဲဆိုတော့ ပထမအချက်က သူတို့အတွက် တရားဝင် မှတ်ပုံတင်ဖို့ သံရုံးကို လာကြ၊ မင်းတို့တွေ အထောက်အထားမရှိဘူး။ ကျနော်တို့က ဘယ်မှာနေတယ်။ ဘာတွေ လုပ်နေတယ်၊ စသဖြင့် လာပြီးတော့ ပြော၊ ပြီးတော့ သူတို့သက်ဆိုင်ရာ အချက်အလက်ပေါ့ မိဘဆွေမျိုး၊ ဘယ်မှာနေလို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ယူလိုက်မယ်။ ယူလိုက်ပြီးတော့ တို့မြန်မာနိုင်ငံမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အဖွဲ့တွေက အထောက်အထား ပြန်စစ်မယ်။ စစ်လို့ မှန်ကန်တယ်ဆိုရင် နောက်တခါ သူတို့လည်း ဟိုမှာ အလုပ်လုပ်ဖို့ အခြေအနေပေးတယ်၊ အလုပ်လည်း လုပ်နိုင်တယ်။ အလုပ်ရှင်တွေကလည်း အလုပ်ပေးမယ်ဆိုရင် အလုပ်ရှင်နဲ့အလုပ်သမားတွေကို တခါတည်း ပေးတွေ့ပြီးတော့ အလုပ်တရားဝင်လုပ်တဲ့ အလုပ်ကို လုပ်မယ်။ "

အဲဒီလို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်တဲ့လုပ်ငန်းစဉ်တရပ်လုံးကတော့ ၂ လလောက်အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။ အခုချိန်ထိတော့ မလေးရှားနိုင်ငံ မှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော် ရှိသွားပြီလို့ ဆိုပါတယ်။
မလေးရှားအစိုးရက အခုလို တရားမဝင် ဝင်ရောက်နေထိုင်သူ နိုင်ငံသားတွေကို အခုလို ဖမ်းဆီးမှုတွေ မပြုလုပ်ခင် မေလကုန်ပိုင်းတုန်းကလည်း မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်းကြား ဖြစ် သွားခဲ့တဲ့ အကြမ်းဖက်မှုတွေက လူသေတဲ့အထိ ဖြစ်သွားခဲ့တာပါ။

အဲဒီ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကြောင့် မလေးရှားနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့ သူ့အနေနဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဝန်ကြီး ဦးမြင့်အေးက ပြောပါတယ်။

"မလေးရှားပြည်ထဲရေးဝန်ကြီးကိုပြောခဲ့တယ်။ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ စောင့်ရှောက်ပေးပါ။ ဒါတွေပြောခဲ့တယ်။ ခက်တာက နိုင်ငံကလည်း နေရာအနှံ့ဖြစ်တယ်ဆိုတော့ ဒါလေးတွေက ဖြစ်နေကျ။ တကယ်တမ်းကျတော့ ဘာမှမဟုတ်ဘူး။ အချင်းချင်း ပြဿနာလေးတွေဖြစ်တာ။ အခုအချိန်ကျ ဒီလိုဖြစ်တယ်။ အရင်ကလည်း ဒီလိုမျိုးဖြစ်နေတာတွေ ရှိခဲ့တာပဲလေ။ အဲ့တော့ သူတို့ကိုပြောခဲ့တာကတော့ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးပါ၊ စောင့်ရှောက်ပေးပါ။ သူတို့ရသင့်ရထိုက်တဲ့ဟာလေးတွေကို ရအောင် လုပ်ပေးလို့ ဒါလေးပဲ ညှိနှိုင်းခဲ့တယ်။

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၁ သိန်းကျော်ရှိတဲ့အထဲ အလုပ်အကိုင် အခွင့်အလမ်းကောင်းတာကြောင့် တရားဝင် စာရွက် စာတမ်းနဲ့ သွားကြတဲ့သူတွေရှိသလို တရားဝင် မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ရောက် သွားကြသူတွေလည်း အများအပြား ရှိနေတာပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေလည်း အများအပြား ရှိနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကို အလုပ်သွားလုပ်လိုကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ ကုမ္ပဏီကို တင်းကြပ် စိစစ်သွားဖို့ ရှိမရှိ မေးတဲ့ အခါမှာတော့ - တရားဝင် စာရွက်စာတမ်းနဲ့ သွားလုပ်သူတွေကို သူတို့အနေနဲ့ တားဆီး ပိတ်ပင်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
XS
SM
MD
LG