ပြီးခဲ့တဲ့သီတင်းပတ်က မလေးရှား ဆီတင်သင်္ဘောကို ပြန်ပေးဆွဲသွားခဲ့တဲ့ ပင်လယ်ဓားပြတွေဟာ မလေးရှား ရေတပ်သင်္ဘောက သူတို့ကို ရှာတွေ့ခဲ့ပြီးတဲ့နောက် အသက်ကယ်လှေတွေနဲ့ ထွက်ပြေးခဲ့ကြတယ်လို့ မလေးရှား ရေတပ်အကြီးအကဲ Abdul Aziz Jaafar က ပြောပါတယ်။
အင်ဒိုနီးရှားတွေ လို့ ယူဆရတဲ့ ပင်လယ်ဓားပြ ၈ ယောက် ဟာ MT Orkim Harmony သင်္ဘောကို ကြာသပတေးနေ့ ညနေပိုင်းက စွန့်ခွာခဲ့ကြတာလို့ မစ္စတာ Jaafar က ပြောပါတယ်။ ပေါင်မှာ သေနတ်ဒဏ်ရာ ရထားတဲ့ အင်ဒိုနီးရှား စားဖိုမှူးကလွဲရင် သင်္ဘောဝန်ထမ်း အားလုံး ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့လည်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေတဆင့် မစ္စတာ Jaafar က ပြောပါတယ်။
ပြန်ပေးဆွဲခံရတဲ့ သင်္ဘောကို ရေတပ်သင်္ဘောတစင်းရဲ့ အစောင့်အကျပ်နဲ့ မလေးရှားနိုင်ငံ မြောက်ပိုင်း Kuantan ဆိပ်ကမ်းကို ပို့ခဲ့တာပါ။ နစ်မြှုပ်ခဲ့တဲ့ ငါးဖမ်းလှေတစီးကလို့ ဆိုတဲ့ အသက်ကယ်လှေတစီးပေါ်က လူ ၈ ယောက်ကို ဗီယက်နမ်က ဖမ်းဆီးထားပြီး သူတို့ဟာ ပြန်ပေးဆွဲသူတွေ ဖြစ်နိုင်သလား ဆိုတာကို မလေးရှားအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့လည်း မစ္စတာ Jaafar က ပြောပါတယ်။
ဒေါ်လာ ငါးသန်းခွဲကျော် တန်ဖိုးရှိတဲ့ ဓာတ်ဆီ ဂါလံ ၂ သန်း တင်ဆောင်လာတဲ့ ဆီတင်သင်္ဘောဟာ Kuantan မြို့ကို ဦးတည် သွားနေချိန် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အဆက်အသွယ် ပြတ်သွားခဲ့တာပါ။ လိုက်ပါသွားတဲ့ သင်္ဘောဝန်ထမ်းတွေ ထဲမှာတော့ မလေးရှား နိုင်ငံသား ၁၆ ဦး၊ အင်ဒိုနီးရှား ၅ ဦးနဲ့ မြန်မာနိုင်ငံသား တဦးတို့ ဖြစ်ပါတယ်။