သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကိစ္စ ဆန္ဒပြပွဲ မလေးရှားဝန်ကြီးချုပ် ဦးဆောင်


ရိုဟင်ဂျာအရေး ထောက်ခံ ဆန္ဒပြပွဲ ပြုလုပ်နေစဉ် (ဘန်ကောက်၊ မြန်မာသံရုံးရှေ့)
ရိုဟင်ဂျာအရေး ထောက်ခံ ဆန္ဒပြပွဲ ပြုလုပ်နေစဉ် (ဘန်ကောက်၊ မြန်မာသံရုံးရှေ့)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက် (၈)နာရီမှာ ပြုလုပ်မယ့် ရိုဟင်ဂျာအရေး ထောက်ခံ ချီတက် ဆန္ဒပြပွဲကို သူကိုယ်တိုင် ပါဝင်တက်ရောက်တာ ဟာ လူသားချင်းစာနာမှုဆိုင်ရာတန်ဖိုးကို ကာကွယ် တာဖြစ်ပြီး မြန်မာ့ပြည် တွင်းရေးကို စွက်ဖက်တာမဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် က ပြော ကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း မလေးရှားနိုင်ငံမှာ သူ့ကို လူကြိုက်နည်းလာတဲ့အတွက် ရိုဟင်ဂျာ ကိစ္စကိုအသုံးချပြီး နိုင်ငံရေးမှာလူထုထောက်ခံမှု ပိုပြီးရအောင်ဆိုတဲ့ ရည်ရွယ် ချက်တွေပါဝင်နေတာတွေ့ရတယ်လို့ ဒေသတွင်းနိုင်ငံရေး လေ့လာသုံးသပ်နေသူတွေက ပြောကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

မလေးရှားနိုင်ငံရဲ့ ဦးဆောင် နိုင်ငံရေးပါတီကြီးဖြစ်တဲ့ United Malays National ရဲ့ ၂၀၁၆ခုနှစ်ညီလာခံမှာ မြန်မာအစိုးရကို ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မလေးရှား ဝန်ကြီးချုပ် Najib Razak က မနေ့ စနေနေ့က ဝေဖန်ပြောဆိုသွားတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ လူတွေဟာ အရှင်လတ် လတ်မီးရှို့ သတ်ဖြတ်ခံရပြီး၊ အမျိုးသမီးတွေဟာဆိုရင်လည်း မတ ရားပြုကျင့်ခံ ရကြောင်း မလေးရှားဝန်ကြီးချုပ်က သူရဲ့ပါတီညီ လာခံ မှာ ပြောသွား ပါတယ်။ ဒီကျူးလွန်မှုတွေကို အာဆီယံအပြုအမူတွေအဖြစ် သူတို့အနေနဲ့ လက်မ ခံနိုင်ကြောင်းနဲ့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ၊ မယဉ်ကျေးတဲ့ လုပ်ရပ်ကို သူတို့အနေနဲ့ သည်းခံမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ပါတီဝင်တွေကို မလေးရှားဝန်ကြီးချုပ်က ပြောသွားပါတယ်။

မလေးရှားနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုတွေအပါအဝင် နိုင်ငံရေးအရ လူကြိုက် နည်းလာတဲ့ လက်ရှိမလေးရှားဝန်ကြီးချုပ်အနေနဲ့ ဘာသာရေးကို အသုံးချပြီး ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေကိစ္စကို အသုံးချနေ တာဖြစ် တယ်လို့ ဒေသတွင်း သတင်းမီဒီယာ တချို့က ေ၀ ဖန်ထောက်ပြနေ ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ISP မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူရဲ့ ညွန်ကြားရေး မှူး ဦးအောင်သူငြိမ်းက အခုလို သုံးသပ်ပါတယ်။

“ကျနော်မြင်တာက မလေးရှားဝန်ကြီးချုပ်က သူရဲ့ နိုင်ငံရေးရည်ရွယ်ချက်အတွက် သူ့ကိုပြည်သူတွေပိုပြီးထောက်ခံလာအောင်လို့ အသုံးချတဲ့ တစိတ်တပိုင်းလဲပါပါလိမ့်မယ်။ နောက်တဖက်မှာ ပြန်ကြည့်ရင်လည်း မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်တွေကို လက်ခံထားတဲ့ဟာတွေရှိပါတယ်။ အထူးသဖြင့် မွတ်စလင်ဒုက္ခသည် တော်တော်များများ မလေးရှားမှာ ရှိနေတော့ ဒါကလည်း တစိတ်တပိုင်းတော့ မလေးရှားရဲ့ နိုင်ငံရေးပေါ်မှာ သွားပြီးတော့ သက်ရောက်တဲ့ အနေအထားမျိုးတော့ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အခုပုံစံတွေ ကြည့်ရတာတော့ သူရဲ့ နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချတာဖြစ်ဖို့ ပိုများပါတယ်။”

ဒီအတောအတွင်းမှာပဲ မလေးရှားဝန်ကြီးချုပ်ဟောင်း Dr. Mahathir Mohamad ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင်လူနည်းစုတွေအပေါ် သတ်ဖြတ်မှုတွေရပ်တန့်ဖို့ အခုလို တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေအပေါ်မှာ သူ့အနေနဲ့ အလွန်စိတ် မကောင်းဖြစ် မိကြောင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ သူဟာ တက် တက်ကြွကြွ ဆောင် ရွက်ခဲ့သူဖြစ်တယ်လို့ Dr. Mahathir Mohamad ကပြောသွားတာပါ။ ဒါအပြင် ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့ အလွန်အရေး ကြီးကြောင်း၊ ဒါပေမဲ့ အခုတော့ မြန်မာအစိုးရဟာ သူရဲ့နိုင်ငံသားတွေ ကို ပြုမူဆက် ဆံပုံဟာ သူတို့ မြန်မာအပေါ်ထားတဲ့ ဆက်ဆံရေးမျိုး မဟုတ် ဘူးဖြစ်နေ တယ် ဆိုတာကို ပြောသွားတာပါ။ မြန်မာကို အာဆီယံအဖွဲ့ထဲ ထည့်မထားဘူးဆိုတဲ့ အနေအထားကို သူတို့ မလိုလားပေမဲ့ မြန်မာကတော့ ရခိုင်ပြည်နယ်မှာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက နေထိုင်လာတဲ့ မွတ်စလင် လူနည်းစုတွေကို မောင်းထုတ်နေတယ်လို့ Dr. Mahthir Mohamad က မလေးရှားအခြေစိုက် Perdana Global Peace Foundation ဥက္ကဌ အနေနဲ့ ရိုဟင်ဂျာအရေး အင်တာနက်ယူကျူမှာ ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဝေဖန်နေတဲ့ အာဆီ ယံနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက အပြင်းထန်ဆုံးဖြစ်သလို ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ပဋိပက္ခတွေ ပိုပြီးဆိုးရွားလာတဲ့ အခြေအနေကို ကန့်ကွက် တဲ့အနေ နဲ့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အသက် ၂၂နှစ် အောက် ချစ် ကြည်ရေးဘောလုံးပြိုင်ပွဲမှာ မလေးရှားအမျိုးသား ဘောလုံးအသင်း ဆက်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ ကို မလေးရှားက ပယ်ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG