မလေးရှားနိုင်ငံမှာ မသင်္ကာသူတွေကို တရားမစွဲဘဲ ကြာရှည်စွာဖမ်းဆီးထားနိုင်တဲ့ ရာစုနှစ်ဝက်လောက် ကတည်းကရှိနေတဲ့ ဥပဒေကိုဖျက်သိမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) က ပြောလိုက်ပါတယ်။ ပြည်တွင်းလုံခြုံရေး အက်ဥပဒေကို ဖျက်သိမ်းပြီး အခြေခံလူ့အခွင့်အရေးကို ချိုးဖေါက်ရာ မရောက်စေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ နှစ်ခုကို ပြဌာန်းမယ်လို့ ဝန်ကြီးချုပ် နာဂျစ် က ရုပ်မြင်သံကြားပေါ်ကနေ ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
မလေးရှားမှာ ဗြိတိသျှ ကိုလိုနီလက်ထက်ထဲကရှိနေခဲ့တဲ့ ပြည်တွင်း လုံခြုံရေး အက်ဥပဒေကြောင့် လူပေါင်း ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ကြရပါတယ်။ သတင်း မီဒီယာလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ခွင့် လိုင်စင် နှစ်စဉ် သက်တမ်းတိုးရတဲ့ ဥပဒေကိုလည်း ပယ်ဖျက်တယ်လို့ ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။
ဒီလိုမျိုး မီဒီယာလုပ်ငန်းလိုင်စဉ် သက်တမ်းတိုးရတဲ့အတွက် အစိုးရရဲ့ လုပ်ဆောင်မှုအပေါ် သဘောမကျတဲ့ သူတွေ ပိုများလာခဲ့တယ်လို့ ဝေဖန် စောင့်ကြည့်သူတွေက ပြောကြပါတယ်။ နောက်တခါ လွတ်လပ်စွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေကို ပြန်လည် သုံးသပ်ဖို့နဲ့ နိုင်ငံရေးအမြင်တခုကြောင်နဲ့ ပုဂ္ဂိုလ်တဦးတယောက် ဖမ်ဆီးခံရတာမျိုး မဖြစ်စေရပါဘူးလို့လည်း ဝန်ကြီးချုပ် နာဂျစ်ရာဇက် က ကတိပြုခဲ့ပါတယ်။