သုံးရလွယ်ကူစေသည့် Link များ

မလေးရှားနိုင်ငံပိုင် ဖွံ့ဖြိုးမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကြီးဆီကနေ မသမာတဲ့နည်းနဲ့ ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်အစိုးရက အရေးယူဖို့ ကြိုးပမ်းနေတာကြောင့် ၀န်ကြီးချုပ် နာဂျစ် ရာဇတ်ခ် အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့ - အတိုက်အခံတွေရဲ့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေ ရှိနေပါတယ်။

အမေရိကန်က ဥပဒေကြောင်းအရ အရေးယူမယ့် အစီအစဉ်ကြောင့် အားနည်းနေတဲ့ မလေးရှား အတိုက်အခံတွေအတွက် အင်အားတရပ် ဖြစ်လာနိုင်ပေမဲ့ - ၀န်ကြီးချုပ်ကို မြန်မြန်ဆန်ဆန် ဖယ်ရှားနိုင်မယ့် အခြေအနေမျိုး ရောက်လိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။

မလေးရှားအာဏာရ UMNO ပါတီကတော့ - ၀န်ကြီးချုပ်ဘက်က ရပ်တည်ပြီး၊ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ဂျူးလူမျိုးတွေ အပါအ၀င် ပြည်ပက အင်အားကြီး နိုင်ငံတွေကို အပြစ်တင်လိမ့်မယ်လို့လည်း အတိုက်အခံ နိုင်ငံရေးသမား တဦးဖြစ်တဲ့ Charles Santiago က ဗုဒ္ဓဟူးနေ့မှာပဲ ခန့်မှန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ NGOs အဖွဲ့တွေက အမေရိကန်ရှေ့နေချုပ် Loretta Lynch ကို တောင်းဆိုသွားမယ်လို့ Democratic Action Party က လွှတ်တော်အမတ်တဦးဖြစ်တဲ့ Santiago က ဗွီအိုအေကို ပြောပါတယ်။

ခိုးယူတဲ့ ငွေနဲ့ ၀ယ်ယူတဲ့ ပိုင်ဆိုင်ပစ္စည်းတွေ ပြန်လည်သိမ်းပိုက်နိုင်စေမယ့် အရေးယူမှုဆိုင်ရာ ဥပဒေအရ အမေရိကန်တရားရေးဌာနက အခုလို ဆောင်ရွက်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ 1Malaysia Development Berhad (1MBD) ရန်ပုံငွေအဖွဲ့ဆီကနေ ခိုးယူခဲ့တဲ့ငွေနဲ့ ၀ယ်ယူခဲ့တဲ့ အိမ်ခြံမြေယာတွေ၊ အနုပညာရှေးဟောင်းပစ္စည်းတွေ၊ အဖိုးတန်လက်ဝတ်ရတနာတွေအပြင် Hollywood ရုပ်ရှင်တကားအတွက် မူပိုင်မှုတွေအပါအ၀င် ဒေါ်လာ ၁ ဘီလီယံကျော် ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းဆည်းဖို့ အမေရိကန်အာဏာပိုင်တွေက ကြိုးပမ်းမှာဖြစ်ပါတယ်။ 1MBD ကို ၂၀၀၉ ခုနှစ်မှာ ၀န်ကြီးချုပ် နာဂျစ်က မ တည်ခဲ့တာဖြစ်ပြီး - အခုအခါ သူထိန်းချုပ်မှုအောက်မှာရှိတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပါတယ်။

XS
SM
MD
LG