သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်နိုင်ငံတွေရဲ့ အမှိုက်ပုံ မလေးရှားနဲ့ ဖိလစ်ပိုင်အဖြစ်မခံ


မလေးရှားနိုင်ငံက စွန့်ပစ်အမှိုက်ပုံတခု
မလေးရှားနိုင်ငံက စွန့်ပစ်အမှိုက်ပုံတခု

မလေးရှားနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ အမှိုက်စွန့်ပစ်ရာ နေရာတခု ဖြစ်မလာစေရေး ဆောင်ရွက်ချက် အဖြစ်နဲ့ ပြန်လည်အသုံးပြုလို့ - Recyclable လုပ်လို့ မရတဲ့ စွန့်ပစ် ပလတ်စတစ် မက်ထရစ် တန်ချိန် ၃ ထောင်လောက်ကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျ စတဲ့ နိုင်ငံတွေဆီ ပြန်ပို့မယ်လို့ မလေးရှားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေ တင်သွင်းတာကို တရုတ်က ပြီးခဲ့တဲ့နှစ်မှာ ပိတ်ပင်လိုက်ပြီးတဲ့နောက် မလေးရှားနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများကို အဲဒီအမှိုက်တွေ ရောက်လာကြတယ်လို့ မလေးရှား သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး Yeo Bee Yin က ပြောပါတယ်။

အဆိပ်အတောက်ဖြစ်စေပြီး ညစ်ညမ်းနေတဲ့ စွန့်ပစ်ပစ္စည်းတွေထည့်ထားတဲ့ ကုန်သေတ္တာ အလုံး ၆၀ ကို မလေးရှားနိုင်ငံထဲက တရားမဝင် သိုလှောင်တဲ့နေရာတွေဆီကိုပို့ဖို့ ခိုးသွင်းလာခဲ့ပြီး အဲဒါတွေကို မူရင်းလာတဲ့နိုင်ငံတွေဆီ ပြန်ပို့မယ်လို့ ဝန်ကြီး Yeo Bee Yin ကပြောပါတယ်။ ဒီလအစောပိုင်းတုန်းကလည်း စွန့်ပစ်ပစ္စည်း ကုန်သေတ္တာ ငါးလုံးကို စပိန်နိုင်ငံဆီ မလေးရှားအစိုးရက ပြန်ပို့ခဲ့ပါသေးတယ်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပြန်ပြီးအသုံးပြုဖို့လုပ်တဲ့ မလေးရှားနိုင်ငံတဝန်းက တရားမဝင်နေရာ ၁၀၀ ကျော်ကို အစိုးရက ပိတ်ပစ်ခဲ့ပါတယ်။

တချိန်တည်းမှာဘဲ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကလည်း အမှိုက် ကုန်သေတ္တာ ၆၉ လုံးကို ကနေဒါကို ပြန်ပို့ဖို့ ပုဂ္ဂလိက သဘောၤကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ တခုကို ငှားဖို့ အစိုးရကို ညွှန်ကြားထားကြောင်း ပြောခွင့်ရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ တကယ်လို့ ကနေဒါ နိုင်ငံက ပြန်ပြီး လက်မခံဘူးဆိုရင် ကနေဒါရဲ့ ရေပိုင်နက်ထဲမှာ ထားခဲ့ဖို့လည်း ညွှန်ကြားထားကြောင်း ပြောခွင့်ရက ပြောပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် အတွင်း ဖိလစ်ပိုင်ကို စွန့်ပစ် ပစ္စည်းတွေ တင်ပို့မှုဟာဆိုရင် အစိုးရရဲ့ သဘောတူညီချက် မပါဘဲ စီးပွားရေး လွှဲပြောင်း ဆောင်ရွက်မှု ဖြစ်တယ်လို့ ကနေဒါက ပြောပါတယ်။ ဒီစွန့်ပစ် ပစ္စည်းတွေ ပြန်ယူဖို့ ကနေဒါဘက်က သဘောတူထားပြီး ပြန်လည်ပို့ဆောင်ရေး လုပ်နေတာပါ။ ဒါပေမယ့်လည်း ဖိလစ်ပိုင်က သတ်မှတ်ထားတဲ့ မေလ ၁၅ ရက် နောက်ဆုံးသတ်မှတ်ချက်ကို ကနေဒါဘက်က ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပြီး နောက်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကနေဒါဆိုင်ရာ ဖိလစ်ပိုင် ထိပ်တန်းသံတမန်တွေကို ဖိလစ်ပိုင်က ပြန်လည် ခေါ်ယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG