သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်နုတ်ထွက်ဖို့ မလေးရှားပြည်သူတွေ ဆန္ဒပြ


မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသူများ။ (သြဂုတ်လ ၂၉၊ ၂၀၁၅)
မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသူများ။ (သြဂုတ်လ ၂၉၊ ၂၀၁၅)

မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် Najib Razak ကို ငွေကြေးမသမာမှုတွေလုပ်ထားတယ်လို့ စွပ်စွဲပြီး ရာထူးကနေဆင်းပေးဖို့ မြို့တော်မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြနေကြပါတယ်။

အစိုးရပိုင် 1MDB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကနေ ဝန်ကြီးချုပ် Najib Razak ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲကို ဒေါ်လာ သန်း ၇၀၀ ထည့်ပေးခဲ့တဲ့ ကိစ္စ
လူသိရှင်ကြား ထွက်ပေါ်လာခဲ့ပြီးနောက် ရွေးကောက်ပွဲ တရားမျှတရေး အဓိကဆောင်ရွက်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ ဘာဆီ (Bersih) က ဝန်ကြီးချုပ်ကို
ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေတာပါ။

အာဏာပိုင်တွေ တားမြစ်ထားတဲ့ကြားက အဝါရောင်တွေဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူထောင်နဲ့ချီ ဟာ ဒီကနေ့ လမ်းတွေပေါ်မှာ ဆန္ဒပြနေကြပြီး မနက်ဖြန် တနင်္ဂနွေနေ့အထိ ဆက်ပြသွားကြဖို့ စီစဉ်ထားကြပါတယ်။ ဆန္ဒပြပွဲကို စီစဉ် ဆော်သြထားတဲ့ Bersih အဖွဲ့ Website ထဲဝင်ကြည့် မရအောင်
အစိုးရက ပိတ်ထားခဲ့သလို Kuala Lumpur မြို့တော်ထဲက လွတ်လပ်ရေးရင်ပြင်မှာ လူထုစုဝေးပွဲလုပ်ခွင့် ပါမစ်ကိုလည်း မပေးခဲ့ပါဘူး။ ဒီကနေ့ စနေနေ့
ဆန္ဒပြပွဲမတိုင်ခင်ကတည်းက လုံခြုံရေးကိုလဲ တိုးမြှင့်ထားပါတယ်။

ဝန်ကြီးချုပ် Najib Razak ကတော့ သူရရှိတဲ့ ငွေတွေဟာ အရှေ့အလယ်ပိုင်းက ပေးတဲ့လက်ဆောင်ဖြစ်တယ်လို့ ပြောပြီး သူ့အနေနဲ့ တစုံတရာ
အမှားမလုပ်ပါဘူးလို့ ငြင်းဆန်နေပါတယ်။ အဂတိလိုက်စားတယ်ဆိုတဲ့ သူ့အပေါ်စွပ်စွဲချက်တွေဟာလည်း မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ ညွန့်ပေါင်းအစိုးရအပေါ် နိုင်ငံရေးအရ ဖျက်လိုဖျက်စီး ကြိုးစားတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒေါ်လာ သန်း ၇၀၀ လက်ခံမှုကြောင့် မလေးရှားနိုင်ငံမှာ အရင် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ ဝန်ကြီးချုပ်တယောက်အပေါ် ရာဇဝတ်မှုနဲ့ စွဲချက်တင်သင့် မသင့် စုံစမ်း စစ်ဆေးမှုတွေကိုတော့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်က သူ့အပေါ် စုံစမ်းစစ်ဆေးတဲ့ ရှေ့နေချုပ်ကို တာဝန်ကနေဖယ်ရှားခဲ့ပါတယ်။ 1MDB ကုမ္ပဏီ ရန်ပုံငွေနဲ့ပတ်သက်လို့ အစိုးရရဲ့ စုံစမ်းမှုကနေ ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေကို အခြေခံပြီး မလေးရှားဝန်ကြီးချုပ်ရဲ့ ကိုယ်ပိုင်ဘဏ် စာရင်းထဲကို ဒေါ်လာ သန်း ရာနဲ့ချီ ဝင်လာတယ်ဆိုတဲ့သတင်းကို Wall Streel Journal သတင်းစာကြီးထဲမှာ ဇူလိုင်လက ဖော်ပြခဲ့တာဖြစ်ပါတယ်။

မစ္စတာ Najib ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ 1MDB ကုမ္ပဏီဟာ အကြွေး ဒေါ်လာ ၁၁ ဘီလျံတင်နေပြီး အဂတိလိုက်စားမှု၊ စီမံခန့်ခွဲရေးဆိုင်ရာ ညံ့ဖျင်းမှုစတဲ့ စွဲဆိုချက်တွေကို ရင်ဆိုင်နေရသလို အစိုးရအေဂျင်စီတော်တော်များများရဲ့ စစ်ဆေးမှုကိုလည်း ခံနေရပါတယ်ရှင်။

XS
SM
MD
LG