သုံးရလွယ်ကူစေသည့် Link များ

သြစတြေးလျဝန်ကြီးချုပ်သစ် ကျမ်းသစ္စာဆို

  • ဗွီအိုအေ (မြန်မာဌာန)

ဝန်ကြီးချုပ်သစ်အဖြစ် Malcolm Turnbull အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆို(စက်တင်ဘာ ၁၅၊၂၀၁၅)

သြစတြေးလျနိုင်ငံရဲ့ ၂ နှစ်တာကာလအတွင်း စတုထ္ထမြောက်တက်တဲ့ ၀န်ကြီးချုပ်သစ်အဖြစ် Malcolm Turnbull ဒီကနေ့ အင်္ဂါနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုသွားပါတယ်။ တနင်္လာနေ့နှောင်းပိုင်းမှာ မထင်မှတ်ဘဲ ပါတီတွင်းမဲခွဲဆုံးဖြတ်ပြီးတော့ ပါတီခေါင်းဆောင် ၀န်ကြီးချုပ် Tony Abbott ကို ရာထူးက ဖြုတ်ချလိုက်ပြီးတဲ့နောက် မစ္စတာ Turnbull က သမရိုးကျဝါဒီ လစ်ဘရယ်ပါတီ ရဲ့ ခေါင်းဆောင်ဖြစ်လာတာပါ။

သူ့မှာ အကောင်းမြင်စိတ် အပြည့်ရှိတယ်လို့ ဘဏ်လုပ်ငန်းရှင်ဟောင်းလည်းဖြစ်၊ ရှေ့နေ လည်းဖြစ်တဲ့အပြင် သတင်းထောက် တယောက်လည်းဖြစ်ခဲ့တဲ့ အသက် ၆၀ အရွယ် မစ္စတာ Turnbull က ကျမ်းကျိန်ပွဲကိုအသွားမှာ သတင်းထောက်တွေကို ပြောပါတယ်။ ၀န်ကြီးချုပ်ဟာင်း Mr Tony Abbott လက်ထက်ကထက်စာရင် အစိုးရအတွင်း သဘောထားကွဲလွဲမှုတွေ နည်းအောင်လုပ်ဖို့ Mr Turnbull က ကတိပြုသွားပြီး၊ ၀န်ကြီးချုပ် အကူးအပြောင်းကာလကို အချောမွေ့ဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။

၂၀၁၃ စက်တင်ဘာလက အရွေးခံခဲ့ရတဲ့ Mr. Abbott ဟာ သူ့လက်ထက်မှာ အစိုးရအတွင်း လျှို့ဝှက်သတင်းပေါက်ကြားမှု၊ လူကြိုက်နည်းတဲ့ အသုံးစရိတ်ဖြတ်တောက်မှုနဲ့ နိုင်ငံ့စီးပွားရေး တိုးတက်အောင် မလုပ်ပေးနိုင်ခဲ့တာတွေအတွက် သူ့ကို လူထုထောက်ခံမှု ကျဆင်းခဲ့ရတာပါ။

အခုတက်လာတဲ့ Mr.Turnbull ရဲ့ အရင်ဝန်ကြီးချုပ်ဟောင်းနဲ့ မတူတဲ့အချက်တွေကတော့ သူဟာ လိင်တူချစ်သူချင်း လက်ထပ်ခွင့်နဲ့ ပတ်ဝန်းကျင်ညစ်နွမ်းမှု တိုက်ဖျက်ရေး မူဝါဒတွေကို ထောက်ခံသူဖြစ်ပါတယ်။ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ လေဘာပါတီနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် လစ်ဘရယ်ပါတီအတွက် အခုလို ခေါင်းဆောင်အပြောင်းအလဲ လုပ်လိုက်လို့ တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။

XS
SM
MD
LG