သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းပြီး ရွေးကောက်ပွဲ အချိန်ဆွဲမယ့် မာလီနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မည်


မာလီနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ် အရေးယူရေး ထိပ်သီးစည်းဝေးပွဲ ကျင်းပနေတဲ့ ECOWAS နိုင်ငံ ခေါင်းဆောင်များ။ (ဇန်နဝါရီ ၉၊ ၂၀၂၂)
မာလီနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ် အရေးယူရေး ထိပ်သီးစည်းဝေးပွဲ ကျင်းပနေတဲ့ ECOWAS နိုင်ငံ ခေါင်းဆောင်များ။ (ဇန်နဝါရီ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

စစ်တပ်က အာဏာသိမ်းထားတဲ့ မာလီနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ ကြိုးစားနေတဲ့အတွက် ဒါကို လက်မခံနိုင်ဘူးဆိုပြီး မာလီကို ကြီးမားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECOWAS) က တနင်္ဂနွေနေ့မှာ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ ဂါနာနိုင်ငံ Accra မြို့မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပအပြီး ဆုံးဖြတ်ခဲ့ကြတာပါ။

လာမယ့် ဖေဖော်ဝါရီထဲ ရွေးကောက်ပွဲကျင်းပဖို့ ကနဦး သဘောတူထားပေမယ့် ၂၀၂၅ ခု ဒီဇင်ဘာလထဲကျမှ ကျင်းပလိုကြောင်း မာလီနိုင်ငံ အသွင်ကူးပြောင်းရေးအဖွဲ့က ကမ်းလှမ်းလာတာကို ECOWAS နိုင်ငံ ခေါင်းဆောင်တွေကြား ဝိုင်းဝန်း ဆွေးနွေကြပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

အခုလို ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းလိုတဲ့ အစီအစဉ်ဟာ တရားမဝင် အာဏာသိမ်း စစ်အစိုးရက မာလီပြည်သူတွေကို ဓားစာခံလုပ်ထားလိုတဲ့ သဘောလို့ ECOWAS ဒေသဆိုင်ရာ အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မာလီနိုင်ငံအပေါ် ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ ချက်ချင်း အကျိုးသက်ရောက်မှာက မာလီကို ဝင်ထွက်နေတဲ့ နယ်စပ်ဂိတ်နဲ့ လေကြောင်းနယ်နိမိတ်တွေကို ပိတ်ဆို့ထားရေး ဖြစ်ပါတယ်။ အရေးပေါ်မဟုတ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုလည်း ရပ်ဆိုင်းထားဖို့ ပါရှိသလို ECOWAS အဖွဲ့ဝင်နိုင်ငံက ဘဏ်တွေဆီမှာ အပ်နှံထားတဲ့ မာလီနိုင်ငံပိုင် ငွေကြေးကိုလည်း ထုတ်ယူသုံးစွဲခွင့် ရမှာမဟုတ်ဘူးလို့ အဖွဲ့ဝင် ၁၅ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ECOWAS ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီ ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်ပြီး မာလီအာဏာပိုင်တွေဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ၂၀၂၀ ပြည့်နှစ်တုန်းက မာလီနိုင်ငံမှာ ဗိုလ်မှူးကြီး Assimi Goita ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG