သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း မာလီစစ်တပ် ရက်ပိုင်းအတွင်း အာဏာလွှဲနိုင်


မာလီနိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့ရဲ့ စစ်အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံတော်အာဏာကို အရပ်သား ကြားဖြတ်အစိုးရလက်ကို လွှဲပြောင်းပေးမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါဟာဆိုရင် အနောက်အာဖရိကရဲ့ ဒေသတွင်း စီးပွားရေး အသိုင်းအဝိုင်း အဖွဲ့အစည်းဖြစ်တဲ့ ECOWAS နဲ့ သဘောတူညီထားချက်ထဲက အဓိက အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်သူတွေရဲ့ ဆန္ဒသဘောထားအမှန် ဖြစ်ပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး ကြားဖြတ်အစိုးရ ပေါ်ထွက်လာဖို့ အမြန်ဆုံး အကောင်ထည်ဖော်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကုန်းတွင်းပိတ် နိုင်ငံအပေါ် ECOWAS အဖွဲ့က ကန့်သတ်တားမြစ် ထားမှုတွေကို ရုပ်သိမ်းအောင် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်လို့ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ကက်ပတိန် အမာဒူ ဆန်နိုဂိုး က ရိုက်တာသတင်းဌာနနဲ့ ဥရောပသတင်းဌာနတွေက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ ဘယ်တော့ အာဏာလွှဲပြောင်းပေးမယ် ဆိုတာကိုတော့ သူကမပြောပါဘူး။ သောကြာနေ့ နှောင်းပိုင်း မာလီနိုင်ငံပိုင် ရုပ်သံဌာနကနေ ထုတ်ပြန်ကြေညာတဲ့ ဆန်နိုဂိုရဲ့ အဖွဲ့နဲ့ ECOWAS တို့အကြား သဘောတူညီမှုမှာလည်း နေ့ရက်နဲ့ အချိန်ကာလ သတ်မှတ်ချက်တွေ ဖော်ပြထားခြင်း မရှိပါဘူး။

မတ်လ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကြောင့် မာလီနိုင်ငံမှာ ရှုတ်ရှုတ်ထွေးထွေး အခြေအနေတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံမြောက်ပိုင်းမှာ မာလီစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ တွားရက် သူပုန်တွေကို အောင်မြင်မှုတွေ ကြီးကြီးမားမား ရရှိစေခဲ့ပါတယ်။ အရင်အစိုးရက တွားရတ် သူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ ဘာမှ ထိထိရောက်ရောက် မဆောင်ရွက် နိုင်ခဲ့တဲ့အတွက် အာဏာသိမ်းရတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ လုပ်ရပ်ကို တရားဝင် အကြောင်းပြကြပါတယ်။

XS
SM
MD
LG