မာလီနိုင်ငံ မြောက်ပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း စခန်းတခုကို ဘယ်သူတွေမှန်း မသိရတဲ့ သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာမှာ ချဒ်နိုင်ငံက ကုလ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုက စစ်ရာဇ၀တ်မှု ဖြစ်နိုင်ခြေ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုပြီး ရှုတ်ချပါတယ်။ ချဒ် အစိုးရနဲ့ သေဆုံးရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း ကုလအတွင်းရေးမှူးချုပ် Guterres က သတင်းစကား ပြောဆိုတဲ့ အကြောင်း ပြောခွင့်ရက ပြောပါတယ်။
အန္တရာယ်ကြားမှာ ဒုက္ခခံပြီး တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသားတွေ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ နှစ်မြုပ် ဆောင်ရွက်မှုတွေ အတွက်လည်း ဂုဏ်ပြုတဲ့ အကြောင်း ကုလ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။
မာလီနိုင်ငံ Kidal ဒေသက Aguelhok မှာ ရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း စခန်းကို သေနတ်သမားတွေက လက်နက်တပ်ဆင်ထားတဲ့ ကားတွေနဲ့ ရောက်ရှိလာပြီးနောက် အလစ်ဝင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေကို ကုလ တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ပေမယ့်လည်း ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုက ဘယ်သူ့လက်ချက် ဆိုတာ မသိရသလို တိုက်ခိုက်ခဲ့သူတွေဘက်က သေဆုံးသူ အရေအတွက်ကိုလည်း မသိရပါဘူး။