သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွတွေခြိမ်းခြောက်လို့ မြောက်အမေရိက အရောင်းစင်တာတွေ လုံခြုံရေးမြှင့်


ဆိုမာလီယာ အစ္စလာမစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်းမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံက ဈေးဝယ်သူတွေစည်ကားရာ ကုန်တိုက်ကြီးနှစ်ခုက လုံခြုံရေးတွေ အဆင့်မြှင့်တင်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ al-Shabab စစ်သွေးကြွတွေက အနောက်နိုင်ငံက Mall တွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်တဲ့ဗွီဒီယိုခွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း Minnesota ပြည်နယ်မှာ ရှိတဲ့ Mall of America နဲ့ ကနေဒါနိုင်ငံ Edmonton မှာရှိတဲ့ Edmonton Mall နှစ်ခုစလုံးက လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်ဖို့ အကြမ်းဖက်သမားတွေ အဓိကပြောထားတဲ့ နေရာတွေက Mall of America အပါအဝင် အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေက ဈေးဝယ်သူတွေ စည်ကားရာ Mall တွေ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကတော့ အမိမြေလုံခြုံရေးဆိုင်ရာ ဝန်ကြီး Jeh Johnson က အကြမ်းဖက် ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အလေးအနက်ထားကြောင်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက် အုပ်စုတွေက သူ့လူတွေကို ရောက်တဲ့နေရာတွေမှာ အကြမ်းဖက်မှုတွေလုပ်ဖို့ လူသိရှင်ကြား နှိုးဆော်တိုက်တွန်းမှုလည်း ပါဝင်ကြောင်း ပြောကြားခဲ့တာပါ။

Al-Shabab အဖွဲ့ဟာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က လူပေါင်း ၆၇ ဦး သေဆုံးခဲ့ရတဲ့ Westgate shopping mall အကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG