ရန်ကုန်မြို့မှာ ပရဟိတလုပ်ငန်းတွေအတွက် ရန်ပုံငွေရှာတဲ့ ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် Manchester United ဘောလုံးအကျော်အမော်ဟောင်းကြီး ၄ ယောက် ဒီကနေ့ ဝင်ကစားခဲ့ကြပါတယ်။
ဒီကနေ့တနင်္ဂနွေနေ့မှာပဲ ရန်ကုန်ကိုရောက်လာတဲ့ Man U အသင်းရဲ့ နောက်တန်း ကစားသမား ဟောင်း Dennis Irwin က မြန်မာနိုင်ငံကို ရန်ပုံငွေရှာပွဲတခုထဲအတွက်လာခဲ့တာ မဟုတ်ဘဲ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ကမ္ဘာက ထောက်ခံတယ်ဆိုတာကို ပြသဖို့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ Man U ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ Dennis Irwin၊ Andy Cole၊ Clayton Blackmore နဲ့ Lee Sharpe တို့ ၄ ယောက်ဟာ ဒီကနေ့ ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ရန်ပုံငွေရှာ ဘောလုံးပွဲမှာ ဝင်ရောက်ကစားကြတာဖြစ်ပါတယ်။
Myanmar National League မှာ လာပြီးကစားနေကြတဲ့ နိုင်ငံခြားသားတွေ အသင်းက တဖက်၊ မြန်မာနိုင်ငံ လက်ရွေးစင်အသင်းက တဖက် ကစားကြတဲ့ဘောလုံးပွဲမှာ Manchester United က ကစား သမားဟောင်းကြီးတွေက ၂ သင်းလုံးဖက်ကနေ တလှည့်စီဝင်ပြီး ဘောလုံးကန်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်မှတ်တစောင်ကို အထူးတန်း ၁ ထောင်ကျပ်၊ ရိုးရိုးတန်း ၅ ရာကျပ်နဲ့ ရောင်းတဲ့ပွဲကနေ ရရှိတဲ့ ဝင်ငွေတွေကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကုသိုလ်ဖြစ်ဆေးရုံတွေ၊ HIV AIDS ဝေဒနာရှင်တွေ အတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ လှူဒါန်းမယ်လို့ ဒီရန်ပုံငွေပွဲကို စီစဉ်တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ပြောပါတယ်ရှင်။