သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုရင်ညိုကို မန်ယူခေါ်ဖို့ ညှိနှိုင်းနေ


ချယ်စီအသင်း နည်းပြ မိုရင်ညိုကို ၂၀၁၅ခုနှစ် မတ်လ ၁ရက်နေ့က တော့တန်ဟမ် ဟော့စပါး အသင်းကို အနိုင်ယူပြီး နောက်၊ အင်္ဂလိပ် လိဂ်ဖလား နှင့်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ အေပီ)
ချယ်စီအသင်း နည်းပြ မိုရင်ညိုကို ၂၀၁၅ခုနှစ် မတ်လ ၁ရက်နေ့က တော့တန်ဟမ် ဟော့စပါး အသင်းကို အနိုင်ယူပြီး နောက်၊ အင်္ဂလိပ် လိဂ်ဖလား နှင့်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ အေပီ)

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်စီနည်းပြဟောင်း ဂျိုဆေးမိုရင်ညိုကို နည်းပြအဖြစ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဗြိတိန် သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။ မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးက စူပါနည်းပြ ဂွါဒီယိုလာကို ပြီးခဲ့တဲ့သီတင်းပတ်က ခေါ်လိုက်ပြီးတဲ့နောက် အခုလို မန်ယူအသင်းကလည်း မိုရင်ညိုနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြ ထားပါတယ်။

ဗြိတိန် နဲ့ ကမ္ဘာတဝှမ်းက အားကစားသတင်းမီဒီယာတွေမှာတော့ ပရီမီယာလိဂ်က နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းက Special One လို့ခေါ်တဲ့ ချယ်စီနည်းပြဟောင်း Jose Mourinho ကို ခေါ်ဖို့ဆွေးနွေးတာတွေ လုပ်နေတယ်လို့ ဖော်ပြလာနေကြပါတယ်။ မန်ယူအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်း မတည်မငြိမ်နဲ့ ရလဒ်တွေ မကောင်းတာကြောင့် အခုဆိုရင် အဆင့် ၅ မှာ ရောက်နေပြီး၊ လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက်ပါ ရုန်းကန်လာနေရတဲ့အနေအထားကို ရောက်လာနေတာပါ။ ဒါကြောင့် အသင်းပရိဿတ်တွေက လက်ရှိနည်းပြ လူဝီဗန်ဟားလ်ကို အစားထိုး ဖို့အထိ တောင်းဆိုလာနေကြပြီး၊ အခုနောက်ဆုံး မိုရင်ညိုနဲ့ ဆွေးနွေးနေပြီဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေတာပါ။ မန်ယူအသင်းအနေနဲ့ မိုရင်ညိုကို ဘာကြောင့် ခေါ်ယူသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အားကစား ကလောင်ရှင် ကိုဇော်မျိုးသန့်ကတော့ အခုလို ပြောပါတယ်။

”ပထမဦးဆုံးကတော့ မိုရင်ညိုက ပရီမီယာလိဂ် အတွေ့အကြုံအများကြီးရှှိတယ်ဗျ။ အဲဒါကတော့ နံပါတ် ၁ ပေါ့။ နံပါတ် ၂ ကတော့ မိုရင်ညိုကို ခေါ်လို့ရှိရင် မန်ယူနည်းပြ ဖာဂူဆန်နဲ့ မိုရင်ညိုကြားက ဆက်ဆံရေးက ချောချောမွေ့မွေ့ဖြစ်တော့ ဘောလုံးသမားတွေ အပေါ်ကို သြဇာညောင်းဖို့အတွက်က မိုရင်ညိုသာ နည်းပြဖြစ်လာခဲ့ရင် ဖာဂူဆန်ရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးရလာလိမ့်မယ်ပေါ့ ဗျာ။ နောက်တစ်ချက်ကတော့ ဒီ မိုရင်ညို ဆိုတာလည်း ကမ္ဘာမှာ တန်းဝင်တဲ့ နည်းပြ တစ်ယောက်လေ။”

မိုရင်ညိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချယ်စီအသင်းကို ပရီမီယာလိဂ် ချန်ပီယံ လုပ်နိုင်ခဲ့ပေမယ့်၊ အခုနှစ်ဘောလုံးရာသီမှာတော့ အသင်းရလဒ်တွေ မကောင်းခဲ့တဲ့ အတွက် ချယ်ဆီးအသင်းကသူကို နည်းပြအဖြစ်ကနေ ထုတ်လိုက်တာပါ။ အားကစား ကလောင်ရှင် ကိုဇော်မျိုးသန့်ကတော့ လက်ရှိ မန်ယူနည်းပြ ဗန်ဟားလ် လက်ထက်မှာ အသင်းရဲ့ရလဒ်က မတည်ငြိမ်သလို၊ သူ့ရဲ့နည်းပြပုံစံဟာ အသင်းနဲ့ အံဝင်ခွင်ကျမဖြစ်ပဲ ၊ သူ့နေရာမှာ မိုရင်ညိုက ပိုသင့်တော်တယ်လို့ ပြောပါတယ်။

”ရထားတဲ့ ရလဒ်တွေအရ ပရိသတ် စိတ်ကြိုက်ဖြစ်မလားဘူးပေါ့။ အထူးသဖြင့်ပေါ့ ဆရာရယ် ဗန်ဟားလ်က ပရီးမီးယားလိဂ်မှာ အေးလွန်းအားကြီးတယ်ပေါ့။ ပရိသတ်ကို ဆွဲတောင်နိုင်လောက်တဲ့ လုပ်ဆောင်မှုတွေ မတွေ့ရဘူးပေါ့။ ဘောလုံးပွဲ အနိုင်အရှုံးထက် အင်္ဂလန်လိုနေရာမျိုးမှာက ပရိသတ်ကို စိတ်ဝင်စားအောင် လုပ်ပြနိုင်ဖို့ကလည်း တော်တော်လေး အရေးပါတာပေါ့။ မိုရင်ညိုကတော့ သိတဲ့အတိုင်းပဲ အပြောအဆိုကလဲ ပရိသတ်ကို ဖမ်းစားနိုင်တယ်။ ဟန်ပန် အမူအယာတွေကလဲ မီဒီယာတွေကို ဖမ်းစားနိုင်တယ်။ မန်ယူနည်းပြသာ မိုရင်ညို ဖြစ်လာခဲ့ရင် တကမ္ဘာလုံးရဲ့ အာရုံစူးစိုက်မှုက မန်ယူအပေါ်မှာ အခုထက် အများကြီး ပိုပြီးတော့ စိတ်ဝင်စားလာ ဖို့ သေချာသလောက် ရှိတယ်။ ”

နည်းပြဗန်ဟားလ်ကို အစားထိုးဖို့အတွက် လက်ရှိဘိုင်ယန်နည်းပြ ဂွါဒီယိုလာ၊ ချယ်ဆီးနည်းပြဟောင်း ဂျိုးဆေးမိုရင်ညို ၊ အက်တလက်တီကို နည်းပြ ဒီယေဂို ဆီမီယိုနီ ၊ PSG နည်းပြ ဘလန့်စ် နဲ့ လက်ရှိအသင်းရဲ့ လက်ထောက်နည်းပြ ရိုင်ယန်ဂစ်တို့က တစ်ပြေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂွါဒီယိုလာကို လာမယ့် ဘောလုံးရာသီအတွက် နည်းပြအဖြစ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီအချက်ကလည်း မန်ယူက မိုရင်ညိုကို ထည့်သွင်းစဉ်းစားလာစေတဲ့အချက်ဖြစ်တယ်လို့ ကိုဇော်မျိုးသန့်ကပြောပါတယ်။

”မန်စီးတီးက ဂွါဒီယိုလာကို ခေါ်လိုက်တာနဲ့များ ပက်သက်နေသလား ဆိုတော့ ဖြစ်နိုင်ချေ အများကြီးရှိပါတယ်။ မန်ယူကလဲ ဂွါဒီယိုလာကို လိုက်ခဲ့ဟန် တူပါတယ်။ မန်စီးတီးက ခေါ်လိုက်တဲ့ အခါကျတော့ လာမယ့်နှစ် ဘောလုံးရာသီကို ရင်ဆိုင်ဖို့အတွက်က ဂွါဒီယိုလာလို နည်းပြမျိုးရောက်လာတဲ့အပြင် လက်ရှိ ဆရာလဲ သိတဲ့အတိုင်း ပရီမီယာလိဂ်မှာ အသင်းတွေ ကိုင်တွယ်နေတဲ့ နည်းပြတွေ အားလုံးက သူ့အထွာနဲ့သူပေါ့ လက်စောင်းထက်တဲ့သူတွေ ဖြစ်နေတော့။ မန်ယူအနေနဲ့ကလဲ မိုရင်ညို လို နည်းပြမျိုး ရှိမှပဲ ဖြစ်မယ့် အနေအထားမျိုးပေါ့။ ကွင်းအတွင်း ရလဒတွေကို အသာထား ဆရာရယ်။ အနိမ့်ဆုံး မန်စီးတီးကို ရင်ဆိုင်ဖို့ဆိုရင် မိုရင်ညိုလို နည်းပြမျိုး ရှိမှပဲ ဖြစ်မယ့် အနေအထားပေါ့။ ကွင်းအတွင်းရလဒ်ကတော့ တမျိုးပေါ့။ ခုနက ပြောသလိုပဲ ပရိတ်သတ်တွေကို ဆွဲဆောင်တာ၊ မီဒီယာတွေကို စကားပြောတဲ့ နေရာမှာ ပရိတ်သတ်ရင်ကို ထိနိုင်တဲ့၊ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ စကားမျိုး ပြောနိုင်တာ မိုရင်ညိုပဲရှိတယ်လေ။ ဂွါဒီယိုလာကို မိုရင်ညိုက လာလီဂါမှာလဲ ကောင်းကောင်းယှဉ်ခဲ့ဖူးတော့ အများကြီး ဆက်စပ်မှု ရှိနိုင်ပါတယ်။”

မိုရင်ညို ဟာ ချယ်စီအသင်းကို ၂၀၀၅၊ ၂၀၀၆ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ပရီမီယာလိဂ် ဖလား ၃ ကြိမ်နဲ့ အတူ တခြား ဆုဖလားတွေ အတော်များများလည်း ရယူခဲ့သူ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG