သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးလုံခြုံရေးအခြေအနေ မြို့ခံတွေစိုးရိမ်


(Photo Credit: Nay Win Aung's Facebook)
(Photo Credit: Nay Win Aung's Facebook)

အင်္ဂါနေ့ညက အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတခုကနေ မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁ ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတခု စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် မနေ့ညအထိ နှစ်ဘက်အသိုင်းအဝိုင်းကြား ထိပ်တိုက်ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၄၊ ၅ ဦးထိရှိခဲ့ပြီး မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူ ရဲအရာရှိက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ မန္တလေးမြို့ခံတွေကတော့ အခြေအနေတွေကို စိုးရိမ်ထိတ်လန့်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ -

“အခုကတော့ ဗမာတွေကလည်း ကုလားဗလီတွေကို ဟိုဟာလိုက်လုပ်ချင်၊ ဒီဟာလိုက်လုပ်ချင်ပေါ့။ တဘက်နဲ့တဘက်က ရန်ဆောင်နေတဲ့ အနေအထား ဖြစ်တာပေါ့နော်။ အဲတော့ ကျနော်တို့ ရဲတွေကတော့ မပြတ်ပေါ့ လိုက်ပြီး စောင့်ရှောက်ပေးနေပါတယ်။”

မေး။ ။ အခုက အမှတ် (၇) ရဲစခန်းနားမှာ မီးလောင်တယ်ဆိုတဲ့သတင်းကရော ခရိုင်မှူးတို့ ရလားရှင့်။

ဖြေ။ ။ ဒီလမ်းထဲက ဗလီတခုကို လူကတော့ မတွေ့ဘူးပေါ့နော် မီးလောင်တယ်၊ ကျနော်တို့လည်းရောက်သွားရော ဒါက ငြိမ်းပြီးသွားပါပြီ။

မေး။ ။ ဗလီကို မီးရှို့တဲ့သဘောပေါ့။

ဖြေ။ ။ ဗလီကတော့ နောက်မှာပေါ့။ ရှေ့မှာက ဆိုင်ခန်းလေးပဲပေါ့။

မေး။ ။ နောက်ပြီးတော့ ဓားခုတ်ခံရတယ်တို့၊ ဒဏ်ရာရတယ်တို့ သတင်းတွေမှာရော ခရိုင်မှူးတို့ အဲ့ဒါရော ဘယ်လိုကြားပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ပထမကတော့ ၃၅ လမ်းပေါ်မှာ ရန်ဖြစ်တယ်ဆိုပြီး သတင်းကြားတော့ သွားတော့ အဲ့ဒီမှာတော့ ဒဏ်ရာရတဲ့သူ ၄၊ ၅ ယောက်လောက်တော့ ဆေးရုံပို့ပေးလိုက်တာ။ ဘယ်သူလုပ်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး။ အဲ့ဒါတွေကို ကျနော်တို့ အမှုဖွင့်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လုပ်သွားမှာပါ။

မေး။ ။ ၂၆ ဘီလမ်းဘက်မှာ အရိုက်ခံရတယ်ဆိုတဲ့သတင်းကျတော့ရော အဲ့ဒီသတင်းက မှန်သလားရှင့်။

ဖြေ။ ။ ၂၆ ဘီလမ်းဘက်မှာ လောလောဆယ် ကျနော်တို့က သတင်းတော့ကြားတယ်ဗျ။ ဒီဥစ္စာ ဒဏ်ရာရတယ်၊ ဒီဥစ္စာ အမှုဖွင့်ဖို့ပေါ့နော် ဆောင်ရွက်နေတာရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ အခု ဒီအနေအထားနဲ့ပတ်သက်ပြီးတော့ ခရိုင်မှူးတို့အနေနဲ့ပေါ့နော် မန္တလေးလုံခြုံရေးကို ဘယ်လိုများဆောင်ရွက်နေလဲဆိုတာ ပြောပြလို့ရမလားရှင့်။

ဖြေ။ ။ အခုကတော့ ကျနော်တို့က တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ရယ်၊ မြို့နယ်ရဲတပ်ဖွဲ့ရယ် နောက်တခါ ရဲတပ်ရင်းတွေနဲ့ ပေါင်းစပ်ပြီးတော့ မန္တလေးမြို့ ဒီညဘက် ပတ်ပြီးတော့ လုံခြုံရေးကို လိုက်ဆောင်ရွက်နေပါတယ်။ အခု တောက်လျှောက်ပေါ့နော် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်အတွက်ကို လူစုလူဝေးမဖြစ်အောင်၊ ဘုန်းကြီးဘက်နဲ့ ဒီဘက် အစ္စလာမ်ဘက်နဲ့ မဖြစ်အောင်တော့ ကျနော်တို့ တောက်လျှောက် လိုက်ကြည့်ထိန်းနေပါတယ်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်း ပြောသွားတာပါ။ မနေ့ညက ဆူပူတာတွေဖြစ်နေတဲ့ နေရာတွေကို လိုက်လံသတင်းယူတဲ့ မန္တလေးမြို့ခံ သတင်းထောက်တွေကတော့ သတင်းယူနေချိန်မှာ အကြမ်းဖက် လူအုပ်တွေလို့ယူဆရတဲ့ လူစုလူဝေးတွေကြောင့် သူတို့ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်မိကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့မနက် ၂ နာရီကျော်တဲ့အချိန်ထိ အခြေအနေတွေကို လိုက်လံသတင်းယူနေတဲ့ မန္တလေးမြို့ခံ သတင်းသမားတဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

“မြို့ရဲ့ လုံခြုံရေးအနေအထားကတော့ မနေ့ကဖြစ်ခဲ့တဲ့နေရာတွေမှာတော့ ရဲလုံခြုံရေးကတော့ မနေ့ကထက်ကို အားအပြည့်ချထားပါတယ်။ သို့သော်လည်းပဲ ဒီလမ်းပေါ်တွေမှာ ကျနော်တို့ အခါတိုင်းလို မန္တလေးက ဒီညပိုင်းတွေမှာဆိုရင် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကြည့်ကြမယ်၊ ညဘက်လက်ဘက်ရည်ဆိုင်ထိုင်တာတွေ၊ ဒါတွေ ဘာမှမရှိတော့ဘူးလေ။ မရှိတော့ဘူးဆိုတော့ လမ်းတွေက အကုန်လုံးက ခြောက်ကပ်နေတယ်။ နောက်ပြီးတော့ မီးတွေကလည်း မှောင်မဲနေတယ်။ အဲ့တော့ မီဒီယာသမားတွေ တဦးချင်း သွားဖို့ကကို လုံခြုံရေးက ဘယ်လိုမှ စိတ်မချရတော့ဘူး။ လမ်းတွေက မှောင်မဲနေတာ။ လမ်း ၉၀ အနောက်ထဲ ဆင်းလိုက်ကာရှိသေးတယ်၊ အဲ့ဒီမှာ လူအုပ်ကြီး မှောင်ထဲမှာကြီးဆိုတော့ ဒုတ်တွေနဲ့ဆိုတော့ တခါတည်း အကုန်လုံး ပြန်ထွက်ပြေးလာကြတာ။”

မေး။ ။ အဲ့ဒီလူအုပ်က အဲဒီနားမှာ စုဝေးနေတာလား။

ဖြေ။ ။ “ကျနော်တို့ အဲ့လိုတော့ မသိနိုင်ဘူးဗျ။ ရုတ်တရက်တွေ့၊ ရုတ်တရက်ပဲ ကျနော်တို့ ပြန်သွားတာ။ သေချာတာကတော့ ဒီအချိန်မျိုးကြီးမှာ သွားလာလုပ်ကိုင် စားသောက်နေတာတော့ မဟုတ်လောက်ဘူး။”

မေး။ ။ အဲတော့ မြို့ခံသတင်းသမားတဦးအနေနဲ့ရော အခုလက်ရှိ လုံခြုံရေးယူထားတဲ့ ရဲတွေရဲ့ ကိုင်တွယ်ပုံ ဘယ်လိုတွေ့ရသလဲရှင့်။

ဖြေ။ ။ “ရဲတပ်ဖွဲ့ကို အပြစ်ပြောလိုတာတော့ မဟုတ်ဘူး။ သူတို့ကိုင်တွယ်ပုံက ကျနော်တို့ ဒီမှာ တွေ့ရသလောက်တော့ ခုနပြောသလို မြို့သူမြို့သားတွေက အားမရကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိစ္စပြီးမှ လိုက်ဖြေရှင်းတာမျိုးဖြစ်နေတယ်။”

အင်္ဂါနေ့ညက မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ လက်ဘက်ရည်ဆိုင်တခုနဲ့ ပတ်သက်နေတဲ့ အတည်မပြုနိုင်သေးတဲ့ အင်တာနက်သတင်းတခုကြောင့် အဲဒီဝန်းကျင်မှာ သန်းခေါင်ကျော်ချိန် လူတွေ စုဝေးရောက်ရှိပြီး မတည်မငြိမ် စတင်ဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG