သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ကျောင်းသားလေးဦး ဖမ်းဆီးခံရ


ရတနာပုံတက္ကသိုလ်ကျောင်းနံရံကို ဆေးမှုတ်ဆန္ဒပြနေပုံ။ (ဓာတ်ပုံ-အောင်ဆန်းဦး ဖေ့်စဘုတ်/ ဇူလိုင် ၂၆၊ ၂၀၁၅)
ရတနာပုံတက္ကသိုလ်ကျောင်းနံရံကို ဆေးမှုတ်ဆန္ဒပြနေပုံ။ (ဓာတ်ပုံ-အောင်ဆန်းဦး ဖေ့်စဘုတ်/ ဇူလိုင် ၂၆၊ ၂၀၁၅)

မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း အစိုးရဆန့်ကျင်ရေး ဆေးမှုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗကသများ အဖွဲ့ချုပ်ဝင်တချို့ကို ဒီကနေ့ ညနေမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။ ဒီအတောတွင်း ရန်ကုန်မြို့လယ်မှာ မနေ့က ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေထဲက ခေါင်းဆောင် တချို့ကိုလည်း ပုဒ်မ (၁၈)နဲ့ တရားစွဲ အမှုဖွင့်ထားတာ တွေ့ရပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်တဲ့စာတန်းတွေ မန္တလေးတက္ကသိုလ်ကျောင်းနံရံမှာ ဆေးနဲ့မှုတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေး ရတနာပုံတက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေ၊ ဒုဥက္ကဋ္ဌ ကိုအောင်ဆန်းဦးနဲ့အဖွဲ့ဝင် ကိုဂျစ်တူးတို့ ၃ ဦးကို ဒီကနေ့ နေ့ခင်းပိုင်းက အရင်ဆုံး ဖမ်းဆီးသွားတာဖြစ်ပြီး အခုတော့ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ အဖမ်းခံရသူတွေကို လိုက်လံကူညီပေးနေတဲ့ မအမာနီက ပြောပါတယ်။

“နိုင်ရဲဝေက ကျနော့်ကို ပထမဆုံးဖုန်းဆက်လိုက်တယ်။ အမေ သားကိုဖမ်းပြီ-တဲ့။ သားကို အမရပူရ ရဲစခန်းမှာ ဖမ်းထားတယ်-တဲ့။ ဖုန်းပြောပြီးပြီးချင်း ဖုန်းက ကျသွားပါတယ်။ ခနနေတော့ အောင်ဆန်းဦးက ဖုန်းဆက်တယ်။ အမေ-မပူနဲ့၊ သားတို့လိုက်သွားမယ်၊ သားတို့ ကျောင်းထဲမှာဆိုတော့ - အဲဒီမှာ ခနနေတော့ အောင်ဆန်းဦးနဲ့ဂျစ်တူးကိုလည်း ကျောင်းထဲကနေ ဖမ်းသွားပါတယ်။ ရဲကဝင်ဖမ်းသွားပါတယ်။ ရဲနှစ်ဦးက တက္ကသိုလ်ကျောင်းထဲမှာ ဖမ်းသွားပါတယ်။ ဖမ်းသွားတယ်ဆိုတာသိတော့ ကျနော်က ထောင်ပေါက်ကိုလိုက်ပါတယ်။ ကျနော့်သူငယ်ချင်းတွေက ရဲစခန်းကိုလိုက်ပါတယ်။ ထောင်ပေါက်မှာ ကျနော် ကလေးတွေနဲ့တွေ့ပါတယ်။ ကလေးတွေက ဘာပြောလဲ-ဆိုတော့ ‘ရဲကားဝင်ဖမ်းတာ သားတို့ကို ခေါင်းတွေကို ရိုက်တယ်အမေ-တဲ့။ ဆဲပါတယ်-တဲ့။’ သူတို့ကို ပုဒ်မတပ်ထားတာကျတော့ ၁၄၃ ရယ်၊ ၁၄၇ ရယ်၊ နောက်ပြီးတော့ ၅၀၅ (ခ) ရယ်၊ ပုဒ်မ (၁၈) ရယ် တပ်ထားပါတယ်။”

ဂျူလိုင် (၁) ရက် ညနေပိုင်းမှာလည်း ရတနာပုံတက္ကသိုလ် သမဂ္ဂအဖွဲ့ဝင်နောက်တဦးဖြစ်တဲ့ ကိုဉာဏ်လင်းထက်ကို (၄) ယောက်မြောက်အဖြစ် ထပ်မံဖမ်းဆီး သွားတယ်လို့ မအမာနီက ပြောပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းရင်း အတိကျကို မသိရသေးပေမယ့် ကျောင်းအုတ်နံရံမှာ ဆေးမှုတ်ခဲ့မှုနဲ့ ဆက်နွှယ်နိုင်တယ်လို့ မအမာနီက ပြောပါတယ်။

“သူတို့က အဲဒီ ဆေးမှုတ်တဲ့အမှုလို့တော့ ပြောပါတယ်။ ရတနာပုံတက္ကသိုလ်က အုတ်တံတိုင်းမှာရှင့်။ စာလုံးကတော့ ဦးသိန်းစိန်အစိုးရ သူတို့အလိုမရှိဘူး၊ ကျောင်းသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာကိုလည်း သူတို့အလိုမရှိဘူး။ အကြမ်းဖက်တဲ့အစိုးရ ကျဆုံးပါစေ-ပေါ့နော်။ အဲဒီဟာ မှုတ်တာတော့ ကျနော်လည်း မျက်စိနဲ့တပ်အပ်တော့မမြင်ရဘူးရယ်၊ ဒါပေမယ့် ကျနော့်ရဲ့ဖေ့စ်ဘုတ်ပေါ် တက်လာတာကိုပဲ ကျနော် ဖတ်လိုက်ရတာ။”

မန္တလေးမှာ ဖမ်းဆီးထားတဲ့ ဒီကျောင်းသားတွေကို ဂျူလိုင် (၁၄) ရက်နေ့မှာ တရားရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဒီအတောတွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅% လွှတ်တော်မှာပါဝင်တဲ့ကိစ္စ ကျောင်းသားတွေက ရန်ကုန်မြို့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ကျောင်းသားခေါင်းဆောင် ၅ ဦးကို ပုဒ်မ (၁၈) နဲ့တရားစွဲထားပါတယ်။ တရားအစွဲခံထားရတဲ့ထဲမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလွင်နဲ့ အခြား ၂ ဦး ပါဝင်ပါတယ်။ ပန်းပဲတန်းနဲ့ ကျောက်တံတားရဲစခန်းတွေက သူတို့ကို တရားစွဲထားတယ်လို့ ကိုပိုင်ရဲသူက ပြောပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့ကို ပုဒ်မ (၁၈) နဲ့ တရားစွဲထားတယ်လို့ ပြောပါတယ်။ ကျနော်တို့ဆီကို တိုက်ရိုက်အကြောင်းကြားထားခြင်းတော့ မရှိသေးဘူး။”

လွှတ်တော်တွင်းမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% ရှိနေတာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ အခက်ကြုံနေရတဲ့အတွက် သူတို့ အနေနဲ့ ကန့်ကွက် ဆန္ဒထုတ်ဖေါ်ခဲ့ရတာဖြစ်တယ်လို့ ကိုပိုင်ရဲသူကပြောပါတယ်။

“လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့လူတွေ ရောက်နေတဲ့ကိစ္စက ဒီမိုကရေစီစံနှုန်းနဲ့မညီဘူး။ တိုက်ရိုက်ပြောရရင် လွှတ်တော်ထဲက စစ်သားတွေ လွှတ်တော်ထဲမှာ မရှိစေချင်ဘူး။ စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ဖို့ပဲ ဖြစ်ရမယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတွေမှာ ဝင်ပါနေတဲ့ကိစ္စတွေက မကြိုက်ဘူး။ နောက်တချက်က ၄၃၆ လို့ခေါ်တဲ့ ဥပဒေအတည်ပြုရာမှာ ၇၅ % ကျော်မှ ပြင်ဆင်လို့ရမယ်ဆိုတဲ့အချက်။ အဲဒီတော့ လွှတ်တော်ထဲမှာ ထောက်ခံနေတဲ့ လူဦးရေဘယ်လောက်ပဲများများ စစ်တပ်က စစ်သားကိုယ်စားလှယ် တယောက်မထောက်ခံတာနဲ့ ဒီဥပဒေက ပြင်လို့မရနိုင်တဲ့အခြေအနေ၊ အဲဒီတော့ ….ဘယ်လိုမှ ပြင်လို့မရမယ့်ဥပဒေ၊ အဲဒါကြောင့် သူတို့ကို ဒီ လွှတ်တော်ထဲမှာ အလိုမရှိတာပါ။”

ရန်ကုန်က ကျောင်းသားခေါင်းဆောင် ၅ ဦးကို တရားစွဲထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိ ရဲအရာရှိတွေကို VOA ကဆက်သွယ်ခဲ့ပေမယ့် ခုချိန်ထိအဆက်သွယ် မရသေးပါဘူး။

XS
SM
MD
LG