သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ညမထွက်ရအမိန့် ၁ နာရီထပ်လျှော့


မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး ဇော်မင်းဦး။
မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး ဇော်မင်းဦး။

ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားဆဲဖြစ်တဲ့ မန္တလေးတိုင်းတွင်း ညမထွက်ရ ကန့်သတ်ချိန်ကို နှစ်နာရီ လျှော့ချပေးထားရာကနေ နောက်ထပ် တစ်နာရီ အချိန်လျှော့ချပေးလိုက်ပါတယ်။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အတွက် မန္တလေးမြို့ခံတွေ ညရေးညတာ သွားလာရေး ခက်ခဲရသလို နေ့စဉ်လုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်း ပုဒ်မ ၁၄၄ အပြီးတိုင် ရုပ်သိမ်းပေးဖို့ကို လိုလားနေကြပါတယ်။ အခြေအနေ အသေးစိတ် မဆုမွန်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်းတွင်းက မြို့နယ်တချို့မှာ လူစုလူဝေးနဲ့ ဆူပူအကြမ်းဖက်မှုတွေ ဇူလိုင် ၁ ရက်နေ့နဲ့ ၂ ရက်နေ့ညပိုင်းတွေမှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့အတွက် ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ မန္တလေးတိုင်းတွင်း ၇မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အရေးပေါ် ထုတ်ပြန်ခဲ့တာပါ။ ပုဒ်မ ၁၄၄ ညကိုးနာရီကနေ မနက် ငါးနာရီထိ ည မထွက်ရ အမိန့်အစား ဇူလိုင် ၂၁ ရက်နေ့ကစလို့ ညကိုးနာရီကနေ မနက် ၃နာရီဆိုပြီး ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင် ၂၈ရက်နေ့မှာတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ နောက်ထပ် အချိန် တစ်နာရီ ထပ်လျှော့ချလိုက်ပြီး ည ၁၀နာရီကနေ မနက် ၃ နာရီ အထိ ညမထွက်ရအမိန့်ထုတ်လိုက်တဲ့အကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ည ဆယ်နာရီကနေ မနက် သုံးနာရီပါခင်ဗျ။ ဒီနေ့ပါခင်ဗျ။ အခြေအနေပေါ်မူတည်ပြီးတော့ပါ။ ကျနော်တို့ရဲက ထုတ်တာမဟုတ်ပါဘူး။ အစိုးရအဖွဲ့က ထုတ်တာဗျ။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးချုပ်တို့၊ သူ့ဝန်ကြီးတွေ တိုင်ပင်ပြီးတော့မှ လုပ်တာပေါ့။ ထွေ/အုပ်ကနေပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်တာခင်ဗျ။”

မန္တလေးမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် အချိန်လုပြီး သွားလာနေကြရလို့ သွားလာရေးခက်ခဲရသလို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး မြို့ခံတွေ တော်တော်များများ အဖမ်းခံရပြီး စီးပွားရေးလုပ်ငန်းတွေမှာလည်း အခက်အခဲဖြစ်ရတယ်လို့ မန္တလေးမြို့ခံ ကိုလှိုင်ဘွားက ပြောပြပါတယ်။

“ကိုးနာရီဆိုတော့ဗျာ- ကျနော်တို့က ခုနစ်နာရီခွဲ၊ ရှစ်နာရီလောက်ဆိုရင် တချို့ဆိုင်တွေလည်း ပိတ်ပြီပေါ့-နော။ အရေးတကြီးလိုချင်တာဆိုလည်း မရတော့ဘူး။ နောက် သွားရ လာရ ပြန်ရတာ အဝေးကနေဆိုရင် တော်တော် အခက်အခဲဖြစ်တယ်။ နောက် ၈ နာရီခွဲလောက်ကစပြီး လူတွေကလည်း အပြန်ပေါ့ဗျာ- ပြန်နေကြတဲ့အခါကျတော့ ယာဉ်တိုက်မှုတွေ ဘာတွေလည်း ဖြစ်ကြတယ်ဗျ။ ၉ နာရီ သတ်မှတ်ထားတဲ့အတွက် အချိန်လွန်လို့ ထောင်ကျတဲ့သူတွေလည်း တော်တော်များများ ရှိတယ်လို့ ကြားရတယ်။ အခု ဆယ်နာရီဆိုတော့ အချိန် နည်းနည်းလေးတော့ ချောင်သွားတဲ့သဘောပေါ့။ စပြီးတော့ ကာဖျူး ထုတ်တဲ့အချိန်တုန်းကတော့ ဒီကာဖျူးကိုလည်း ကြောက်တယ်ဗျ။ ကြောက်တယ်ဆိုတာက လူတွေက ကိုယ့်အိမ်ထဲမှာပဲကိုယ် နေကြတဲ့အတွက် တခုခု ပြဿနာ တစုံတရာဆိုရင် လူသိနည်းမယ်ပေါ့ဗျာ။ တခုခုဖြစ်ရင် သူတို့က ဖြေရှင်းဖို့လည်း ခက်တယ်။ အဲဒီလိုမျိုးလေးတွေ စိုးရိမ်တဲ့သဘောလေးတွေတော့ အစောပိုင်းတုန်းက ကြားရတယ်ဗျ။ မန္တလေးမှာ အဲလောက်ကြီး ကန့်သတ်ပစ်လိုက်တာတော့ အားလုံး အနေနဲ့ကတော့ အဆင်မပြေဘူးပေါ့ဗျာ။ လွတ်လွတ်လပ်လပ် သွားလို့လာလို့ ရနေရမယ့်အနေအထားကနေ အဲလို ဖြစ်သွားတာကိုး။”

မန္တလေးမြို့အတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းရမိသူတွေအပေါ်မှာ စစ်ဆေး အရေးယူမှုတွေနဲ့ပတ်သက်လို့ ဒုရဲမှူးကြီး ဦးဇော်မင်းဦးက အခုလို ရှင်းပြပါတယ်။

“အမိန့်စထုတ်ထုတ်ချင်း မသိလိုက်တဲ့သူတွေမို့လို့ အဲဒါတွေကတော့ စထုတ်တဲ့နေ့တုန်းကတော့ မိတဲ့လူတွေကိုတော့ ခံဝန်နဲ့ ပြန်လွှတ်လိုက်တာပေါ့။ ခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတော့ ပုဒ်မ ၁၈၈ နဲ့ ၁၄၄ ကို ဖောက်ဖျက်တဲ့အတွက် ၁၈၈ နဲ့ စွဲတင်ပြီး တခါတည်း ပြစ်ဒဏ် ချရမှာဗျ။ ၇ ရက်လည်းပါတယ်။ ၁၅ ရက်တွေလည်းပါတယ်။ ကျူးလွန်တဲ့သူကတော့ မနက် ဖမ်းဆီးအရေးယူ၊ ဒီနေ့ဖမ်းထားတဲ့သူ နောက်နေ့ တခါတည်း တရားရုံးတင်ပေးလိုက်တာပဲ။ စာရင်းအလိုက်ကတော့ ပထမရက်တွေကတော့ ၁၀၀ လောက်ရှိတာပေါ့။ နောက်ပိုင်းတွေကတော့ တဖြည်းဖြည်း နည်းလာတာပေါ့။ အားလုံးပေါင်း အစကနေ အဆုံးအထိ ဆိုရင်တော့ ၃ ရက်နေ့ကနေ စလိုက်ရင် ဒီကနေ့အထိ ထောင် ဝန်းကျင်လောက်တော့ရှိမှာပေါ့ဗျာ။”

ကုန်စည်စီးဆင်းရာ စီးပွားရေးမြို့တော် မန္တလေးက နေ့စဉ် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းတွေ အခက်အခဲဖြစ်ကြရတဲ့အတွက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ပြန်ရုပ်ပေးဖို့ မန္တလေးမြို့ခံတွေကိုယ်စား မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ဇူလိုင်လ ၂၆ ရက်နေ့မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုခဲ့တဲ့အကြောင်း ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီက ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

“အခု အကုန်လုံး ဒုက္ခရောက်နေပြီ။ ကျနော်တို့ မန္တလေးက ၁၂ နာရီလောက်အထိ အသက်ဝင်နေပြီး ဆိုင်တွေဘာတွေက သိမ်းကြတာ၊ သုံးနာရီလောက်ဆို အလုပ်ပြန်စကြတာပေါ့နော်။ ဒီကာဖျူးအချိန်အတွင်းမှာ ကျနော်တို့က အလုပ်လုပ်လို့ မရဘူးဗျ။ ကုလသမဂ္ဂက မစ္စ် ယန်ဟီလီ လာပြီးတဲ့နောက်ပိုင်းမှာ ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် တင်ပြခဲ့တာ ရှိပါတယ်။ အဲဒီကတည်းက ကျနော်တို့….”

မန္တလေးမြို့တွင်းမှာတော့ ရဲလုံခြုံရေးတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက လုံခြုံရေးကို တင်းကျပ်ထားဆဲဖြစ်သလို မန္တလေးမြို့မိမြို့ဖတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေဘက်ကလည်း ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပွားရအောင် စောင့်ကြည့် ထိန်းသိမ်းနေကြသလို မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေကလည်း တည်ငြိမ်စပြုလာနေပြီလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

လူနှစ်ဦးသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဘာသာရေးအသွင်ဆောင်အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မန္တလေးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ကုလ အထူး ကိုယ်စားလှယ်သစ် Ms Yanghee lee သွားရောက်လေ့လာခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG